# စနေနေ့နံ အမည်များ
0 Comments Wednesday, April 21, 2010စနေအက္ခရာများနှင့်သက်ဆိုင်သောအမည်များ
တူး
ဗျုပ္ပတ်မကောင်းလှသောနာမည်ဖြစ်သည်။ အသားအရောင် ဖြူ၊ လတ်လျှင် အသင့်အတင့် ကောင်းကျိုးပေးနိုင်သော်လည်း အသားအရောင် ညို/မည်းလျှင် ဘဝတွင် အမှားအယွင်းများ မကြာခဏပြုမိသော နာမည်မျိုး ဖြစ်သည်။ ထိုနာမည်ပိုင်ရှင် များသည် မိဘအကြီးအကဲများ၏ ဆိုဆုံးမမှုကို နာခံမှု မရှိတတ်ကြချေ။ လူကြီးမိဘ၊ ဆရာသမားများကို တော်လှန်တတ်ကြ ပြီး၊ မိမိ ထင်ရာစိုင်းတတ်မှုကြောင့် ဘဝတွင် အမှားများတတ်သော နာမည်ပိုင်ရှင်များဖြစ်သည်။
တိုး
ယောင်္ကျား မိန်းမ မရွေးမှည့်ခေါ်သောနာမည်တစ်ခုဖြစ်သည်။ ယောင်္ကျားများ တွင် သောကြာဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ကျလျှင် အိမ်ထောင်ရေး ရှုတ်ထွေးမည်။ မိန်းမအနိုင်ခံရတတ်ပြီး၊ မယားဆိုးနှင့်ညားတတ်သည်။ စနေဂြိုဟ်သည် ဣဋ္ဌာန များတွင်ရှိလျှင် စီးပွားရေးကံကောင်းနိုင်ပြီး၊ အနိဋ္ဌ ဌာနများတွင်ရှိလျှင် စီးပွားရေး ကံကြမ္မာသည် ရရစားစား ဝါးဝါး မြိုမြို ဘဝဖြင့် မတတ်နိုင်ပဲရှိတတ်သည်။ ဘဝတွင် နိမ့်မြင့်တက်ကျ အပြောင်းအလဲများ အလွန် များတတ်သည်။ မိန်းမဖြစ်လျှင် အိမ်ထောင်ရေး ကံ မကောင်းသည်က ပိုများသည်။ ၃-ကြွင်း၊ ၄-ကြွင်း၊ ဝ-ကြွင်းနှစ်များ တွင် မွေးဖွားသူဖြစ်ပါက မိမိကိုယ်တိုင် အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးတတ်ပြီး၊ ကိုယ်ကျင့်သိက္ခာကို မထိန်းသိမ်းနိုင်တတ်ချေ။ အင်္ဂါဂြိုဟ်ပါ နိမ့်ကျနေပါက အိမ်ထောင် ကွဲခြင်း၊ ပျက်ခြင်း၊ နောက်ထပ် အိမ်ထောင်သစ် ထူထောင်ခြင်းများကို ကြုံရမည်။ အသားအရောင် ညိုသော မိန်းမများတွင် စီးပွားရေးကံပါမကောင်းပဲ၊ အလွန်ခက်ခဲကြပ်တည်းသည့် ဘဝမျိုးကို အသက်မွေး ရတတ်၏။
တတ်
ဗျုပ္ပတ်ကောင်းသောနာမည်ဖြစ်ပြီး၊ အသားအရောင် ဖြူ၊ လတ်ခြင်း၊ တိုင်စဉ် မှန်ခြင်း၊ ဣဋ္ဌနာမည်ဖြစ်ခြင်း စသောအချက်များ ပြည့်စုံလျှင် အောင်မြင် ကျော်ကြားတတ်သော နာမည်မျိုးဖြစ်သည်။ ဘဝကံကောင်းနိုင်သည်။ အကြီးအကဲ၊ မိဘ ဆရာသမားများ၏ စောင့်ရှောက်မှုကို အထူးခံစားရမည်။အသားအရောင် ဖြူလျှင် ဘဝကို သက်တောင့်က်သာဖြင့် ကျော်ဖြတ်သွားရမည့်ကံ ရှိသော်လည်း အသားအရောင် ညို မည်းပါက အလုပ်နှင့်လက် မပြတ်အောင် ကြိုးစားပါမှ တိုးတက် ရမည့် ကံရှိသည်။ သောကြာဂြိုဟ် အထွန်း၊ သိုက်၊ ရာဇတွင် ရပ်တည်သူများ အိမ်ထောင်ဖက် ကောင်းရနိုင်သည်။ သို့သော် ထိုနာမည်ပိုင်ရှင်များသည် ဘဝတွင် ဝါသနာပါသည့်က တခြား လုပ်နေရသည်ကတခြား ဖြစ်တတ်သည်။ ဝါသနာနှင့် အလုပ်မကိုက် ညီတတ်ကြချေ။
တိုက်
မှည့်ခေါ်မှုနည်းသောနာမည်ဖြစ်သော်လည်း အကျိုးပေးမှု မညံ့သော နာမည်မျိုး ဖြစ်သည်။ ထိုနာမည်ပါသော ပုဂ္ဂိုလ်များသည် ဘဝတွင် ကျော်ဇောခြင်း၊ အောင်မြင်ကြီးပွားခြင်း၊ ဩဇာကြီးမားခြင်းတို့ဖြင့် ပြည့်စုံ သည်က များသည်။ ဇွဲသတ္တိ ကောင်းသည်။ ဝီရိယရှိသည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌဌာနတွင် ရှိပါက ကောင်းကျိုးထက်သန်သော နာမည်တစ်ခု ဖြစ်သည်။ အကြီးအကဲဖြစ်ရမည့် ဇာတာပါသည်။
တင်
စနေဂြိုဟ်အက္ခရာထဲတွင် မှည့်ခေါ်မှုများသော နာမည်ဖြစ်သည်။ အသား အရောင် ဖြူ၊ လတ်ခြင်းကို နှစ်သက်သည်။ အသားအရောင် ညို မည်းလျှင် အကျိုးပေး မကောင်းပါ။ ယောင်္ကျားများတွင် အေးဆေးစွာနေလိုသော သဘောရှိသည်။ ဝါသနာပါရာကို စူးစူးစိုက်စိုက် လေ့လာတတ်သည်။ သို့သော် စနေဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ကျနေသော် တစ်စုံတစ်ခုကို ရေရှည် စွဲမြဲမှုမရှိဘဲ အပြောင်းအလဲ များတတ်သည်။ ကောက်ရိုးမီးသဖွယ် ဖြစ်တတ်သည်။ ၃-ြွကင်း၊ ၄-ြွကင်း၊ ၆-ြွကင်း၊ ဝ-ြွကင်းသမားများတွင် အိမ်ထောင်မကျမီ အချစ်ရေးကိစ္စများ ရှုတ်ထွေးတတ်သည်။ သောကြာ ဂြိုဟ်သည် အင်္ဂါဂြိုဟ်ထက် မြင့်နေပါက မိန်းမ၏အနိုင် ခံရတတ်သည်။ အမျိုးသမီးများတွင် အင်္ဂါဂြိုဟ် နိမ့်ကျနေပါက အိမ်ထောင်ရေးကံ မကောင်း တတ်ပါ။ လင်ဆိုးနှင့် ညားတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးများ ရှုတ်ထွေးတတ်သည်။ မသာယာသောအိမ်ထောင်ရေး၊ တကျက်ကျက်နှင့် ရန်များနေသော အိမ်ထောင်ရေး မျိုး ဖြစ်တတ်သည်။ ထိုနာမည်ပိုင်ရှင် များသည် ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ အိမ်ထောင်ရေးကံ ထိပ်တန်း ကောင်းရန် ခဲယဉ်းသည်။ စိတ်တိုင်းမကျပဲ သည်းခံစိတ်ဖြင့်သာ နေသွား ရမည့် အိမ်ထောင်ရေးမျိုး ဖြစ်တတ်သည်။
တင့်
ဗျုပ္ပတ်ကောင်းသည်။ တိုင်စဉ်မှန်ပြီး အသားအရောင် ဖြူလျှင် ဘဝကံ ကောင်းသည်။ စနေဂြိုဟ် အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိတွင် ရပ်တည်ပြီး တိုင်စဉ်မှန်က နာမည် ကျော်ကြားခြင်း၊ လူချစ်လူခင်များခြင်း၊ ဩဇာတိက္ကမ ကြီးခြင်း များကို ဖြစ်စေနိုင်သည်။ သို့သော် အိမ်ထောင်ရေး၊ အချစ်ရေး ရှုတ်ထွေးမှုများကား မကင်းလှချေ။ မိန်းမများတွင် လျှို့ဝှက်သော လူသိမခံ နိုင်သော အိမ်ထောင်ရေးများ ကြုံတွေ့စေရတတ်သည်။ အထူးသဖြင့် အင်္ဂါဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏဋ္ဌာနများတွင်ရှိခြင်းနှင့် စနေဂြိုဟ် မရဏတွင် ရှိခြင်းများဖြစ်လျှင် ပို၍ သေချာစေသည်။ အသားအရောင် ညိုမည်းလျှင်မူ စီးပွားရေးတွင် ရလိုက်ကုန်လိုက်ဖြင့် မစုမိတတ်ချေ။
တိုင်း
အသားအရောင် အလွန်ရွေးချယ်သော နာမည်တစ်ခုဖြစ်သည်။ အသား အရောင် ဖြူခြင်း၊ ဝါခြင်းကိုသာ နှစ်သက်ပြီး၊ အသားအရောင် လတ်၊ ညို၊ မည်းခြင်းကို လုံးဝအကျိုးမပြုတတ်ပေ။ အရပ်အမောင်း မြင့်မား ထွားကြိုင်းခြင်းကို နှစ်သက်၏။ ထိုနာမည်မျိုးသည် များသောအားဖြင့် ဗျုပ္ပတ်လွန်သည့်ဖက်သို့ ရောက်သွားတတ်၏။ နာမည်က ဗျုပ္ပတ်လွန်နေပြီး၊ ဇာတာက မြင့်မားခြင်းမရှိလျှင် မိမိနှင့် အလှမ်းကွာသော အလုပ်ကြီးများကို လုပ်ကိုင်မိပြီး၊ မနိုင်မနင်းဖြစ်ပါကာ နောက်ဆုံးတွင် စီးပွားပျက်၊ ဘဝပျက် သည်အထိ ဖြစ်ရတတ်သည်။ သတိထားပြီးမှည့်ရမည့် နာမည်မျိုးဖြစ်ပေသည်။
တည်
ဗျုပ္ပတ်ကောင်းပြီး၊ ခန့်ငြားထယ်ဝါသော နာမည်တစ်ခုဖြစ်သည်။ အသား အရောင် မည်းလွန်းခြင်းမှတပါး အသားအရောင် အဖြူ မှ ညိုလတ်သူများ အထိ မှည့်ခေါ် နိုင်သည်။ အပြစ်ကင်းပြီး၊ သမ္မာအာဇီဝကျသော အလုပ်များ ဖြင့်သာ အကျိုးပေးနိုင်သည်။ မကောင်းသော အလုပ်များလုပ်မိက ဥပဒေနှင့် အလွန်ငြိစွန်းလွယ်တတ်သည်။ အိမ်ထောင်ရေး ကံကောင်းတတ်သည်။ တိုင်စဉ်မှန်ပါက ဘဝ တစ်လျှောက်လုံး ကြီးပွားတိုးတက် သွားနိုင်သည်။
တိတ်
တရုတ်လူမျိုးများ အမှည့်များပြီး၊ နာမည်၏ ဗျုပ္ပတ်သဘောအရ အေးဆေး စွာ နေတတ်သည်။ အပေါင်းအသင်းနည်းပြီး၊ မိသားစုအပေါ်တွင် ခင်မင် တွယ်တာစိတ် များသည်။ သို့သော် အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု များ မကင်းလှချေ။ လျှို့ဝှက်သော အချစ်ရေး၊ အိမ်ထောင်ရေးများ ရှိတတ်သည်။ ၃-ြွကင်း၊ ၄-ြွကင်း၊ ဝ-ြွကင်းနှစ်များတွင် အိမ်ထောင် တစ်ဆက်မက ရှိနိုင်သည်။
တွတ်
ပါပ “အသံရှည်” ဖြစ်ပြီး၊ ဒီဃရဿပျက်နေသောနာမည်ဖြစ်သည်။ ဘဝတွင် အခက်အခဲများတတ်ပြီး အောင်မြင်ကျော်ဇောမှုရရန် ခဲယဉ်းသည်။ စနေဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏ ရပ်တည်လျှင် ပထမအရွယ်တွင် အခက်အခဲ အလွန်များ တတ်သည်။ ၃-ကြွင်း ၄-ကြွင်း၊ ဝ-ကြွင်းနှစ်တွင် မွေးဖွားသူဖြစ်လျှင် အချစ်ရေး ရှုတ်ထွေးတတ်ပြီး၊ တရားမဝင်အိမ်ထောင်ရေးများနှင့် ကြုံတွေ့ ရတတ်သည်။
ထီ
မှည့်ခေါ်မှုနည်းသောနာမည်ဖြစ်ပြီး၊ တိုင်စဉ်မှန်ပါက ဘဝအောင်မြင်ရေး အတွက် ကောင်းသောနာမည်တစ်ခု ဖြစ်သော်လည်း အိမ်ထောင်ရေးကံ မကောင်းနိုင်ပါ။ အတိုက်အခံများပြီး၊ စီးပွားရေးကို အပြိုင်အဆိုင် လုပ်ကိုင် ရတတ်သည်။
ထီး
မှည့်ခေါ်မှုအလွန်နည်းသည်။ ဗျုပ္ပတ်ကောင်းဖြစ်သည်။ ကျော်ဇောထင်ရှား မှုကို ပေးစွမ်းနိုင်သည်။ အကြီးအကဲဖြစ်နိုင်သည်။ အိမ်ထောင်ရေးကံ မကောင်းလှပေ။ အပေါင်းအဖော် များတတ်သည်။ အပေါင်းအသင်းကြောင့် လမ်းမှား ရောက်တတ်သည်။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိမှ ရေရှည် အောင်မြင်မည့် အမည်မျိုး ဖြစ်သည်။
ထူး
ဗျုပ္ပတ်ကောင်းသည်။ ပါဝင်သောသရများသည် သရကောင်းများ ဖြစ်သည်။ဇွဲသတ္တိ ရှိပြီး၊ အကြံကြီးတတ်သည်။ ခေါင်းမာပြီး၊ အပြောရခက်သည်။ စွန့်စားရသော လုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ ဝါသနာပါတတ် သည်။ သို့သော် အလှမ်းကျယ်၍ အလယ်လပ်တတ်ပြီး လုပ်ငန်းများ မနိုင်မနင်း ဖြစ်တတ်သည်။ အပေါင်း အသင်းများ၏ အလယ်တွင် (တစ်ခုခု၌) ထူးချွန်သူ တစ်ဦးအဖြစ် လူသိများ တတ်သည်။နာမည်ကောင်းတစ်ခု ဖြစ်သော်လည်း မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိမှ ကောင်းစားတတ်ပြီး ဘဝင်မြင့်အောက်ခြေလွတ်ပါက အကျနာတတ်သည်။ ဘဝတွင် ငွေရေး ကြေးရေးကိစ္စကြောင့် နာမည်ပျက်ကိန်းကြုံတတ်သည်။
ထက်
ဗျုပ္ပတ်ကောင်းမွန်သောနာမည်တစ်ခုဖြစ်ပြီး၊ အသားအရောင် ဖြူခြင်း၊ လတ်ခြင်း ရှိပါမှ ပိုမို အကျိုးပေးသည်။ ငယ်စဉ်ဘဝတွင် အပြောရ အဆိုရ ခက်သောကလေးများ ဖြစ်တတ်သည်။ အပေါင်းအသင်းများ အပေါ်တွင် အလွန်ခင်တွယ် လိုက်လျော တတ်သည်။ မိန်းကလေးများတွင် ဤ နာမည်သည် အလှအပကြိုက်ခြင်း၊ ခေတ်ဆန်စွာ နေထိုင်တတ်ခြင်း၊ အသုံး အစွဲကြီးခြင်း စသော စရိုက်များကို ဖြစ်စေနိုင်သည်။ အိမ်ထောင်ရေး ကံအားနည်းသော နာမည်မျိုးဖြစ်ပြီး၊ ရုတ်တရက် အိမ်ထောင်ပြုရခြင်း၊ မိဘသဘောမတူသူများနှင့် ပေါင်းသင်းရခြင်း၊ အိမ်ထောင်ရေးသုခ မရှိခြင်း စသော အပြစ်များ ကြုံရစေတတ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်ပါက ပထမအရွယ် ကောင်း၊ ဒုတိယအရွယ်ညံ့ပြီး၊ တတိယအရွယ်မှ ပြန်ကောင်း တတ်သည်။
ထိုက်
ဗျုပ္ပတ်မဆိုးလှသောနာမည်ဖြစ်ပြီး၊ တိုင်စဉ်မှန်ပါက ကောင်းစားတတ်သော နာမည် မျိုးဖြစ်သည်။ ယောင်္ကျားများတွင် ပို၍ အကျိုးပေးသည်ကို တွေ့ရ သည်။ မိန်းမသား များတွင်မူ အိမ်ထောင်ရေးတွင် အပြစ်ရှိသည်။ စိတ်တိုင်း ကျဖွယ်ရာမရှိသော အိမ်ထောင်ရေးမျိုး၊ အောင့်အည်းသည်းခံပေါင်းသင်း ရသော အိမ်ထောင်ရေးမျိုး ဖြစ်တတ်သည်။ တိုင်စဉ်မှန်ပြီး အညွန့်နှင့် တွဲမှည့်ထားသော နာမည်မျိုးဖြစ်ပါက ဘဝတွင် စီးပွားဖြစ်ထွန်းလွယ်ပြီး ငွေရလွယ်သည်ကို တွေ့ရသည်။
ထင်
ယောင်္ကျားပီသပြီး ခန့်ငြားထည်ဝါသော နာမည်မျိုးဖြစ်သည်။ အသား အရောင် အလွန် ရွေးချယ်မှုမရှိပါ။ ဒီဃရဿ ပျက်သော်လည်း အိမ်ထောင် ရေးကိုလည်း အလွန်အမင်း ထိခိုက်စေမှု မရှိပါ။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအုပ်စု နာမည်ဖြစ်ပါက တိုင်းသိပြည်သိ နာမည်ကျော်ကြားတတ်ပြီး၊ စာပေအနုပညာ ရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ကြသည်ကို အများဆုံး တွေ့ရ တတ်သည်။ အိုကံ၊ အိုဇာတာ ကောင်းတတ်သော နာမည်မျိုးဖြစ်သည်။
ထည်
ဗျုပ္ပတ်ကောင်းဖြစ်ပြီး၊ တည်ငြိမ်သော နာမည်မျိုးဖြစ်သည်။ မှည့်ခေါ်သူ အလွန်နည်းသည်။ တိုင်စဉ်မှန်ပါက အကျိုးပေး ထက်သန်မည့် နာမည်မျိုး ဖြစ်သည်။ အသား အရောင်ရွေးချယ်မှု မရှိလှပေ။ အိမ်ထောင်ရေးကံ “သင့်” သည်။ အပြစ် ကြီးကြီး မားမား မရှိလှပေ။
ထိန်
ဗျုပ္ပတ်ကောင်းပြီး၊ အလင်းသဘောကိုဆောင်ယူသော နာမည်ဖြစ်၍ အသား အရောင် ဖြူခြင်း၊ လတ်ခြင်းရှိသူများ အကျိုးပြုပြီး၊ အသားအရောင် ညို မည်း သူများတွင် အကျိုးပေးညံ့သည်။ အသားအရောင် ဖြူခြင်း၊ အရပ်အမောင်း မြင့်မားခြင်း ကိုယ်ခန္ဓာပြည့်ဖြိုးခြင်းများရှိက ဧကန် ကြီးပွား နိုင်သည်။ ထိုနာမည်ပိုင်ရှင်များသည် ခြေအငြိမ်မနေတတ်ကြချေ။ တစ်နေ ရာတည်းတွင် စွဲမြဲစွာ နေထိုင်လုပ်ကိုင်ရသော လုပ်ငန်းများကို မနှစ်သက်ပဲ ခြေထောက်ဘီးတပ်ထားသကဲ့သို့ အမြဲသွားလာ နေရမှ နှစ်သက်သူများ ဖြစ်ကြသည်။ အကြံကြီးပြီး၊ အလုပ်ကြီးအကိုင်ကြီးများ လုပ်ကိုင်ခွင့် ရတတ် သည်။ ဆက်ဆံရေး ပြေပြစ်လှသူများမဟုတ်ပဲ ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်း ပြောတတ်သူများဖြစ်၍ လူအများ၏ နှစ်သက်မှုကို မခံရတတ်ပေ။ သို့သော် ဤနာမည်ပိုင်ရှင်များသည် အတွင်းစိတ်သဘောမှာ ရိုးသား ဖြောင့်မတ်ကြ သည်က ပိုများပါသည်။ အသားအရောင် ညို မည်းလွန်းပါက စီးပွားရေး ဖြစ်ထွန်းသော်လည်း မစုဆောင်းမိတတ်ချေ။ အိမ်ပေါက်နှင့် ဖားကောက်ရ သကဲ့သို့ ရှိတတ်သည်။ အိမ်ထောင်ရေး ကံ အသင့်အတင့်မျှသာ ကောင်းနိုင် ပြီး ရံဖန်ရံခါ အိမ်ထောင်ရေးကို စိတ်ကုန်ခမ်းနေကြသူများ အဖြစ် အတွေ့ရ များပေသည်။
ထွေး
ဗျုပ္ပတ်အားနည်းသော နာမည်မျိုးဖြစ်သည်။ ယောင်္ကျား မိန်းမ မရွေး မှည့်ခေါ်ကြသော်လည်း မိန်းမဆန်သော အမည်တစ်ခုသာ ဖြစ်သည်။ ယောင်္ကျားများတွင် အသားအရောင် အလွန်အမင်းရွေးချယ်မှု မရှိသော်လည်း မိန်းမများတွင်မူ အသားအရောင် ဖြူ၊ ဝါမှ ကောင်းစားတတ်သည်။ ယောင်္ကျားများတွင် အိမ်ထောင်ရေး အပြစ်နည်းသော်လည်း မိန်းမများတွင် အိမ်ထောင်ရေး အပြစ် ကြီးမားတတ်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ကြုံခြင်း၊ တိုင်ဇောက်ထိုးဖြစ်ခြင်း များရှိက အချစ်ရေး ရှုတ်ထွေးခြင်း၊ နာမည်ပျက်တတ်ခြင်း၊ မလွတ်လပ်သောသူများ နှင့် ငြိစွန်း ခြင်းများ ဖြစ်တတ်သည်။ ဇာတာအလွန်ညံ့ပါက အိမ်ထောင်ရှိ ယောင်္ကျား၏ အငယ်အနှောင်း ဖြစ်တတ်လေသည်။ အချို့ အမျိုးသမီးများတွင်မူ မိမိဖက် တွင် ချို့ယွင်းထိခိုက်မှု မဖြစ်ပဲ၊ လင်ယောင်္ကျားဖြစ်သူက အငယ်အနှောင်း ထားတတ်ခြင်းမျိုးလည်း ဖြစ်တတ်သည်။ ယောင်္ကျားများ၌ ဤနာမည်ပိုင်ရှင် များသည် သောကြာ ဂြိုဟ် အထွန်း၊ သိုက်၊ ရာဇ နှင့် အဓိပတိတွင် ရှိပါက မိမိအပေါ် အလိုက်သိ၊ အနွံတာခံသော ဇနီးမျိုးကို ရတတ်လေသည်။ အနိဋ္ဌဖြစ်ခြင်း၊ ပက္ခတ်ကြုံခြင်းများ ရှိပါက ဥပစ္ဆေဒကကံ သင့်ခြင်း၊ မင်းပြစ်မင်းဒဏ် သင့်ခြင်းများ ကြုံတတ်၏
ထွတ် / ထွဋ်
ဗျုပ္ပတ်ကောင်းသလို အကျိုးပေးလည်း ကောင်းတတ်သော နာမည်ဖြစ်သည်။ နာမည်အဖျားလုံးဖြစ်ပြီး၊ တိုင်စဉ်မှန်လျှင် ဘဝတွင် မိမိ ရည်မှန်းချက်အတိုင်း ပေါက်ရောက်အောင်မြင်တတ်သည်။ ဇွဲလုံ့လ၊ ဝီရိယကောင်းခြင်း၊ ဆက်ဆံ ရေး ပြေပြစ်ခြင်း၊ အထက်လူကြီးကို ရိုသေကိုင်းရှိုင်းခြင်းတို့ကြောင့် တစ်ဆင့် ပြီး တစ်ဆင့် မြင့်တက်ရမည့် နာမည်မျိုးဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းထက် ဝန်ထမ်းလုပ်ငန်းများ ပိုမို အကျိုးပေးသည်။
ထွန်း
စနေနံအက္ခရာများထဲတွင် မှည့်ခေါ်မှုများသော နာမည်တစ်ခုဖြစ်သည်။ ဗျုပ္ပတ် သဘောအတိုင်းပင် ထိုနာမည်ပိုင်ရှင်များသည် လူ့ဘဝတွင် ပုံစံတစ်ခု ဖြင့် တိုးတက်ထွန်းကား တတ်ကြသည်ကို တွေ့ရသည်။ ဖြတ်ထိုးဉာဏ်ကောင်းပြီး၊ ဖြတ်လတ် သောသူများ ဖြစ်ကြသည်။ ဆရာသမား၊ အကြီးအကဲ ယုဂ်ပါသည်။ အလုပ် ကြိုးစားပြီး အနားမနေတတ်သော သူများအဖြစ် တွေ့ရသည်။ တိုင်စဉ်ကောင်း၊ ဣဋ္ဌအမည် ဖြစ်ပါက လူ့ဘဝတွင် အဆင့် အတန်းမြင့်မြင့် ထည်ဝါစွာ နေနိုင်သူများ ဖြစ်ကြသည်။ ထိုနာမည်ပိုင်ရှင် များ၏ အားနည်းချက်မှာ လိင်ကိစ္စရှုတ်ထွေးခြင်းပင် ဖြစ်သည်။ ရာခိုင်နှုန်း အများစုမှာ အိမ်ထောင် မကျခင်လည်းရှုတ်၊ အိမ်ထောင်ကျပြီးလျှင်လည်း ရှုတ်တတ်သောသူများ ဖြစ်ကြသည်။ ထိုရှုတ်ထွေးမှုများကြောင့် မကြာခဏ ဆိုသလို အရှက်ကွဲတတ်ကြသည်။ မိန်းကလေးအမည်များတွင် ပါပါက အချစ်ရေး ကံခေတတ်ပြီး၊ နာမည်ပျက်ကိန်း ရှိတတ်သည်။ ၃-ကြွင်း၊ ၄-ကြွင်းနှစ်များတွင် မွေးဖွားသူဖြစ်ပါက မလွဲဧကန်ပင် အချစ်ရေး နှင့် အိမ်ထောင်ရေးများတွင် အရှက်တကွဲ ဖြစ်ရကိန်း ရှိတတ်၍ သတိပြုပါ။ အနေနီးသူ၊ မလွတ်လပ်သူများနှင့် အလွန်ငြိစွန်း လွယ်တတ်သည်။ ]ထွန်း} သည် နာမည်ရှေ့ဆုံးတွင်ပါပါက အိမ်ထောင်ရေးအပြစ် အကြီးဆုံး ဖြစ်ပြီး၊ နာမည်နောက်ဆုံးတွင် အပြစ်အလယ်အလတ်မျှ ပေးတတ်ပြီး နာမည် အလယ်တွင်ပါလျှင်မူ အပြစ်နည်းတတ်ပါသည်။
ဌေး
ယောင်္ကျား၊ မိန်းမ မရွေး မှည့်ခေါ်မှုများသော နာမည်တစ်ခုဖြစ်ပေသည်။ အသား အရောင်ဖြူခြင်း၊လတ်ခြင်းကို နှစ်သက်ပြီး အသားညိုမည်းလျှင် ကောင်းကျိုးပြုမှု နည်းပါးတတ်သည်။ ခေါင်းမာပြီး တစ်ယူသန်ဆန်သော စိတ်ထားမျိုးရှိတတ်သည်။ လူမှုဆက်ဆံရေးပိုင်းတွင် အဆင်ပြေမှု နည်း တတ်သည်။ မိမိမှန်သည်ထင်လျှင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ် သည်။ အိမ်ထောင်ရေး ကံမကောင်းတတ်ပါ။ ၃ကြွင်း၊ ၄ကြွင်းနှစ်များတွင် မွေးဖွားသူဖြစ်ပါက ယောင်္ကျားမိန်းမ မရွေး အချစ်ရေး ရှုတ်ထွေး ခြင်း၊ နီးစပ်သူများ မလွတ်လပ်သောသူများနှင့် ငြိစွန်းတတ်ခြင်း၊ မုဆိုးဖို/မုဆိုးမ၊ တစ်ခုလပ်များ နှင့် အိမ်ထောင် ကျတတ်ခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်မှု များ ကြုံရခြင်းများကို ဖြစ်စေနိုင်သည်။ စီးပွားရေးကံများသည်လည်း မတည်ငြိမ်တတ်ပါ။ ဘဝကံ အနိမ့်အမြင့် အတက်အကျများတတ်သည်။ တိုင်စဉ်မှန်သော ဣဋ္ဌ အမည် ဖြစ်လျှင် စီးပွားရေး၊ ဘဝအောင်မြင်ရေးများ ကောင်းနိုင်သော်လည်း အိမ်ထောင်ရေးမှာမူ အနည်းနှင့်အများ ချို့ယွင်း ချက် ရှိသည်သာဖြစ်သည်။
ဒီ
မှည့်ခေါ်မှုနည်းသောနာမည်ဖြစ်ပြီး၊ အကျိုးပေးထက်သန်တတ်ပါသည်။ တိုင်စဉ်မှန်သော ဣဋ္ဌအမည်ဖြစ်ပါက အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်ကြား ခြင်း၊ ဩဇာကြီးခြင်း စသော အရည်အချင်းများ ရရှိနိုင်သည်။ သို့သော် မိမိလုပ်သလောက် ပြန်လည်၍ အကျိုးခံစားခွင့် နည်းတတ်သော နာမည် မျိုးဖြစ်သည်။
ဒိုး
ဗျုပ္ပတ် မကောင်းလှသော နာမည်တစ်ခုဖြစ်၏။ နေရာတစ်ခုတွင် အတည် တကျ မနေရတတ်ဘဲ ခြေသလုံးအိမ်တိုင်သဖွယ် လှည့်လည်နေရတတ် သည်။ ပင်ပန်းဆင်းရဲစွာဖြင့် ဘဝကို ရုန်းကန်ရတတ်သည်။ ဘုန်းကြီးသော် လည်း အသက်မရှည်၊ အသက်ရှည်သော်လည်း ဘုန်းမကြီးတတ်သည့် နာမည်မျိုး ဖြစ်သည်။
ဒင်
ယခုခေတ်တွင် အမှည့်နည်းကြပြီး၊ ယောင်္ကျားပီသ၍ ထက်မြက်သော နာမည်တစ်ခု ဖြစ်သည်။ စိတ်ဓါတ် မာကြောတတ်သည်။ ကြင်နာသနားစိတ် နည်းတတ်သည်။ မောက်မာစွာ ဆက်ဆံတတ်သည်။ ဘဝတွင် တစ်ချိန်၌ ရုတ်တရက် ကျော်ကြားအောင်မြင် လာတတ်ပြီး၊ ရေရှည်မခံဘဲ ပြန်၍ ကျဆင်းသွားတတ်သည်။ အိုကံ မကောင်းတတ်ပါ။
ဒွေး
မှည့်ခေါ်မှု အလွန်နည်းပါးသော နာမည်ဖြစ်သည်။ အမည်၏ အဓိပ္ပါယ်မှာ နှစ်ခု၊ နှစ်ခွ၊ နှစ်စုံဖြစ်၍ ထိုနာမည်ပိုင်ရှင်များသည် ဘဝ (၂) မျိုးတွင် ကျင်လည်ရခြင်း၊ အလုပ် (၂) ခုရှိခြင်း၊ အိမ်ထောင် (၂) ဆက်ဖြစ်ခြင်း၊ ဇနီး (၂) ဦးဖြစ်ခြင်းများ ရှိတတ်သည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်ပါက ထင်ပေါ်ကျော်ကြားပြီး၊ စီးပွား ဥစ္စာခိုင်လုံတတ်သော်လည်း သာယာချမ်းမြေ့သော အိမ်ထောင်ရေးမျိုး မရှိတတ်ပါ။ အိမ်ထောင်ရေးရှုတ်ထွေးတတ်ပြီး သစ္စာတည်ကြည်မှု နည်းပါးတတ်သည်။
ဒွန်း
မှည့်ခေါ်မှုနည်းသော နာမည်တစ်ခုဖြစ်သည်။ ယောင်္ကျားပီသပြီး၊ ခန့်ငြား ထည်ဝါသည့် နာမည်ဖြစ်သည်။ ဩဇာတိက္ကမကြီးပြီး၊ အကြီးအကဲယုဂ် ရသည့် နာမည်မျိုးဖြစ်သည်။ အများ၏ ယုံကြည်မှုကို ခံရတတ်သည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည် ဖြစ်ပါက ထိပ်တန်းရောက်သည်အထိ ကြီးပွား တိုးတက်နိုင်သည်။ အိမ်ထောင်ရေးအပြစ် အနည်းငယ်ရှိသည်။
နု
ပါပ “အသံတို” ဖြစ်၍ ဒီဃရဿမှန်သည်ဟု ဆိုနိုင်သည်။ အမည်းရောင် အက္ခရာ ဖြစ်သော်လည်း အသားအရောင် လတ်သူများလည်း မှည့်ခေါ်နိုင် သည်။ ဗျုပ္ပတ်သဘောအရ ကြမ်းတမ်းသောရုပ်ရည်ရှိသူများနှင့် မသင့်တော် ချေ။ မိန်းမနာမည် သက်သက် ဖြစ်၍ ယောင်္ကျားများတွင် မမှည့်ခေါ်သင့်ပါ။ယောင်္ကျားများတွင် မှည့်ခေါ်ပါက သဘောထားသေးသိမ်ခြင်း၊ အပြစ်ရှာ လွယ်ခြင်းများ ဖြစ်စေပြီး၊ အသက်ကြီးလျှင် ကံဇာတာ နိမ့်ကျသွားတတ် သည်။ မိန်းမအမည်များတွင် အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိဖြစ်ပါက အချစ်ရေး ရှုတ်ထွေးတတ်သည်။ မလွတ်လပ်သောသူ များနှင့် ငြိစွန်းတတ်သည်။ အရှက်ကွဲ အကျိုးနည်းဖြစ်ရမှုများ ကြုံရ တတ်သည်။ အိမ်ထောင်ဖက်ကို အားမကိုးရတတ်ပေ။
နီ
မိန်းမများတွင် အမှည့်များပြီး အသားအရောင် ညို၊ မည်းခြင်းကို နှစ်သက် တတ်ပြီး၊ အသားအရောင် ဖြူလျှင် အကျိုးပေး မကောင်းချေ။ အသား အရောင် ဖြူသည် ဖြစ်စေ၊ ညိုသည်ဖြစ်စေ အိမ်ထောင်ရေးအပြစ်များသော နာမည်တစ်ခုဖြစ်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ ၊ မရဏတွင် ရှိခြင်း၊ စနေဂြိုဟ် မရဏတွင် ရှိခြင်းများကြုံပါက အိမ်ထောင်ရေး အလွန်ရှုတ်ထွေး တတ်သည်။ အိမ်ထောင်ဖက်နှင့် မသင့်မမြတ်ဖြစ်ကာ အမြဲလိုလို ပဋိပက္ခ ဖြစ်နေရတတ်သည်။ သဘောထား မတိုင်ဆိုင်မှု ကဲ့သို့သော အသေးအဖွဲ ကိစ္စများမှစ၍ အိမ်ထောင်ရေးဖောက်ပြန်မှုများအထိ ဖြစ်နိုင်ကာ အိမ်ထောင် ပြိုကွဲပျက်စီး တတ်လေသည်။ “နီနီ” နှစ်လုံး ထပ်ထားသော နာမည်များတွင် ပို၍ဆိုးဝါးသည်။ စနေ မရဏဖွားဖြစ်လျှင် မိမိကိုယ်တိုင် ကလည်း အိမ်ထောင်ရေး ဖောက်ပြန်နိုင်သည်။ အင်္ဂါဂြိုဟ်ကောင်းလွန်းပါမှ အိမ်ထောင်မြဲတတ် သော်လည်း သာယာမှု မရှိလှချေ။ တိုင်စဉ် မှားသော အနိဋ္ဌနာမည်ဖြစ်ပါက စီးပွားရေးပါ မခိုင်လုံတော့ဘဲ ခြင်းကြားကြီးနှင့်ရေကို ယူသကဲ့သို့ ရှာဖွေသမျှ အဖတ်မတင်ပဲ ရှိရလေသည်။
နေ
အမည်းရောင် ပါပ “အသံရှည်” ဖြစ်၍ ဝဏ္ဏနှင့် ဒီဃရဿပါ ပျက်နေသော နာမည် ဖြစ်သည်။ အမည်းရောင် အက္ခရာ ဖြစ်သော်လည်း ဗျုပ္ပတ်သဘော အရ အလင်းဓါတ်ကို ဆောင်၍ အသားအရောင် ဖြူပြီး၊ ဥပဓိရုပ်ကောင်းသူ များ၌ ပိုမို၍ အကျိုးပေးသည်။ တိုင်စဉ်မှန်ခြင်း၊ ဣဋ္ဌအမည်ဖြစ်ခြင်းများ ပြည့်စုံပါက ယောင်္ကျားအမည်များတွင် ကျော်ဇောထင်ရှားခြင်း၊ ဩဇာ ကြီးမားခြင်း များကို ဖြစ်စေနိုင်သည်။ နာမည် အဖျားလုံး ဒွေးဒဟဖြစ်ပါက အိမ်ထောင်ရေးရှုတ်ထွေးပြီး၊ အိမ်ထောင်ဆက် များစေသည်။ သောကြာ သည် ပုတိ၊ ဘင်္ဂ၊ မရဏဖြစ်လျှင် အိမ်ထောင်ဆက်များရန် ပို၍သေချာ သည်။ အမျိုးသမီး နာမည်များတွင် ပါပါက အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှုကို ဖြစ်စေပြီး၊ ၃-ကြွင်း၊ ၄-ကြွင်း၊ ၆-ကြွင်း၊ ဝ-ကြွင်းနှစ် များတွင် မွေးဖွားပါက အိမ်ထောင်ဆက်ပါ များတတ်သည်။
နော်
တိုင်းရင်းသားလူမျိုးစု အမည်ရှေ့မှာ တပ်ခေါ်သောနာမည်တစ်ခုဖြစ်ပြီး၊ ထို့အတွက် ကောင်းကျိုး ဆိုးပြစ် မပြောလိုပါ။ မြန်မာနာမည်များ၌မူ ဤနာမည်သည် စိတ်သဘောထား နူးညံ့ခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ ကြင်နာတတ်ခြင်း စိတ်ထားများကို ဖြစ်ပေါ်စေသည်။ လူအများနှင့် ရင်းနှီးစွာ ပေါင်းသင်းတတ်ပြီး၊ လူမှုရေး အကျိုးဆောင်သူများ ဖြစ်တတ်သည်။ အနစ်နာခံလိုစိတ်ကြောင့် လူချစ်လူခင် များတတ်သည်။ တိုင်စဉ်မှန်ပါက ကောင်းစားတတ်သည့် နာမည်မျိုးဖြစ်သည်။
နို
ယခုခေတ်တွင် မှည့်ခေါ်မှု များလာသောနာမည်တစ်ခုဖြစ်သည်။ အမည်း ရောင် အက္ခရာဖြစ်၍ အသားအရောင် ညို၊ မည်းသူများမှ ကောင်းကျိုး ပေးသည်ဟု စာတွေ့ ရှိသော်လည်း လက်တွေ့တွင်မူ အသားအရောင် ဖြူဝင်းသောသူများလည်း ကောင်းကျိုးခံစားနေရသည်ကို တွေ့ရမှု များလှ သည်။ အေးဆေးစွာ နေလိုသော သဘောရှိသည်။ အပေါင်းအသင်းများကို ရွေးချယ် ပေါင်းတတ်သည်။ သွက်လက် ရွှင်ပျသော စိတ်ထားရှိတတ်သည်။ အင်္ဂါဂြိုဟ် အပြစ်မရှိပါက မှည့်ခေါ်သင့်သော နာမည်တစ်ခုဖြစ်သည်။
နိုး
ဗျုပ္ပတ်ထင်ရှားသော နာမည်ဖြစ်သည်။ အကင်းပါးပြီး၊ ဖြတ်ထိုးဉာဏ် ကောင်းတတ်သည်။ ကျော်ဇောထင်ရှားတတ်သော ကံတရားရှိတတ်သည်။ အိမ်ထောင်ရေး အဆင်မပြေတတ်ပါ။ ခက်ခဲလေးလံသော တာဝန်ဝတ္တရားများကို ထမ်းဆောင် ရတတ်သည်။
နောင်
ခန့်ငြားသော နာမည်တစ်ခုဖြစ်သည်။ ဒီဃရဿပျက်သည်။ အသားအရောင် ဖြူသောသူများတွင် အကျိုးပေး နည်းသည်။ အသားအရောင် ညို၊ လတ် သူများတွင် တိုင်စဉ်မှန်ပါက ထင်ရှားကျော်ကြားတတ်သည်။ ခေါင်းမာပြီး၊ တယူသန်ဆန်သည့် စိတ်ထား ရှိတတ်သည်။ ယောင်္ကျားများတွင် သောကြာ ဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ တို့တွင် တည်ရှိနေခြင်းနှင့် မိန်းမများတွင် အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိတို့တွင် တည်ရှိနေခြင်း များသည် အိမ်ထောင်ရေး သာယာချမ်းမြေ့မှု မရှိနိုင်ပါ။
နိုင်
စနေဂြိုဟ်အက္ခရာများထဲတွင် မှည့်ခေါ်မှု အများဆုံး နာမည်တစ်ခု ဖြစ်သည်။ ပါပ “အသံရှည်” ဖြစ်၍ ဒီဃရဿပျက်၏။ ထို့ကြောင့် အသားအရောင် ဖြူ၊ ဝါသောသူများတွင် အိမ်ထောင်ရေး မကောင်းတတ်ကြချေ။ စီးပွားရှာရ ခက်ခဲပင်ပန်းတတ် သည်။ အသားအရောင် လတ်၊ ညို၊ မည်းသူများနှင့် သင့်တော်သည်။ ထိုနာမည်မျိုးသည် အပေါင်းအသင်း၊ ဆွေမျိုးသားချင်းများ အကျိုးမပြုတတ်ချေ။ ဆွေမျိုးသားခြင်း၊ အပေါင်းအသင်းများ၏ အကူအညီ အထောက်အပံ့ကို မရတတ်ပဲ ဒုက္ခပေးခြင်းကိုသာ မကြာခဏ ခံရတတ်သည်။ ကြီးမားခက်ခဲသော တာဝန်များကို ထမ်းဆောင်ရ တတ်သည်။ မိမိဝါသနာပါရာ အလုပ်ကို စူးစိုက်လေ့လာတတ်ပြီး၊ ထူးချွန်စွာ လုပ်ဆောင် တတ်သည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်လျှင် လူအများ၏ ရိုသေ လေးစားမှု ကို ခံရတတ်သည်။ အမျိုးသမီးနာမည်များတွင် “နိုင်” သည် နာမည်အရင်းလုံး ဖြစ်နေပြီး၊ အင်္ဂါဂြိုဟ် အနေအထား မကောင်းပါက အိမ်ထောင်ရေး မသာယာတတ်ပါ။ လင်ယောင်္ကျားအတွက် အမြဲပူပန် သောကရောက်၍ စိတ်ဆင်းရဲနေရတတ်သည်။ နာမည်အဖျားလုံးထက် အရင်းလုံးတွင် ပါလျှင် ပို၍အပြစ်များသည်။ နာမည်အဖျားလုံး ဗုဒ္ဓဟူး၊ တနင်္ဂနွေ နှင့် ကြာသပတေး များဖြစ်ပြီး တိုင်စဉ်မှန်ပါက ကျော်ဇော ထင်ရှား တတ်သည်။ ဘဝတွင် အောင်မြင်မှု များတတ်သည်။
နိုင်း
“နိုင်” နှင့် အလားတူသော အကျိုးပေးမှုမျိုးရှိသော်လည်း “နိုင်”ထက်စာလျှင် အိမ်ထောင်ရေးကံ ပို၍ ညံ့သည်။ ယောင်္ကျားများတွင် သောကြာဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ရှိနေခြင်း၊ မိန်းမများတွင် အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိ ဋ္ဌာများတွင် ရှိပါက အိမ်ထောင်ဆက်များနိုင်သော ကံတရား ရှိသည်။အမှည့်နည်းသော နာမည်တစ်ခုဖြစ်သည်။
နန်း
တိုင်းရင်းသားလူမျိုးစု နာမည်တစ်ခုအဖြစ် တွေ့ရပြီး၊ ထို့အတွက် မည်သို့မှ မှတ်ချက် မပြုနိုင်ပါ။ သို့သော် မြန်မာနာမည်များတွင် ထိုနာမည်သည် အချစ်ရေး ရှုတ်ထွေးခြင်း၊ အိမ်ထောင်ရေး မသာယာခြင်း၊ အိမ်ထောင်ဖက်၏ အကျိုးပြုမှုကို မခံစားရခြင်း၊ အိမ်ထောင်ဆက်များခြင်းတို့ကို ဖြစ်စေနိုင်သည်။ အင်္ဂါဂြိုဟ် နိမ့်ကျသော အမျိုးသမီးနာမည်များတွင် အိမ်ထောင်ဖက်ကို အားမကိုးရတတ်ချေ။ သို့ရာတွင် ထိုနာမည်မျိုးသည် အသားအရောင် မှားယွင်းသော်လည်း စီးပွားရေးကို လွန်စွာ မထိခိုက်တတ်လှချေ။ တိုင်စဉ် မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်လျှင် ဘဝကံ အလွန်အမင်း မနိမ့်ကျနိုင်ပါ။ တိုးတက် ကြီးပွားနိုင်သည်။
နွဲ့ 
ပါပ “အသံတို” ဖြစ်၍ ဒီဃရဿ မှန်ကန်သော နာမည်ဖြစ်သော်လည်း အိမ်ထောင်ရေး အတွက် အကောင်းမဖြစ်နိုင်သော နာမည် တစ်ခုဖြစ်သည်။ ဗျုပ္ပတ်သဘောအရ ခိုင်မာသော သဘောမရှိခြင်း၊ ပါဝင်သောသရများသည် ဆိုးသောသရများဖြင့် ဖွဲ့စည်း ထားခြင်းတို့ကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးများ၌ ကောင်းကျိုးပေးမှု အလွန်နည်းသော နာမည်မျိုး ဖြစ်သည်။ ထိုနာမည်ပိုင်ရှင်များသည် ဘဝတွင် ဒုတိယအရွယ် မကျော်လွန်မီ အတွင်းမှာပင် စီးပွားပျက်ခြင်း၊ အိမ်ထောင်ပျက်ခြင်း၊ ကျန်းမာရေးပျက်စီး ခြင်းဟူသော အဓိက လောကဓံတရားကြီးများကို ကြုံဆုံရတတ်သည်။ များသောအားဖြင့် အိမ်ထောင်ရေး ပျက်စီးပြီး၊ စီးပွားရေးပါ မရှေးမနှောင်း လိုက်၍ ပျက်စီးတတ်ကြသည်။ လောကဓံတရား၏ လှည့်စားမှုနှင့် အထု အထောင်းကို များစွာခံရသောနာမည်မျိုး ဖြစ်သည်။ ထိုနာမည်မျိုးသည် အသား အရောင် ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ မကောင်းကျိုး ပေးသည် သာ ဖြစ်၏။ တိုင်စဉ်ပြောင်းပြန်ဇောက်ထိုးဖြစ်လျှင် အသက်ကြီးလေ ဒုက္ခ ရောက်လေ ဖြစ်တတ်သည်။ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်များ နိမ့်ကျပါက မလွတ်လပ်သော သူများနှင့် ငြိစွန်းခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း များကို ကြုံရစေတတ်သည်။ အိမ်ထောင် နှစ်ဆက်၊ သုံးဆက် အထိ ဖြစ်စေနိုင်သော နာမည်မျိုး ဖြစ်လေသည်။
နွမ်း
ဗျုပ္ပတ်သဘောအရ အလွန်ပင် ပညတ်မကောင်းသော နာမည်ဖြစ်လေသည်။ ထိုနာမည်ပိုင်ရှင်များသည် ဘဝတွင် မိမိရည်မှန်းသည့်အတိုင်း ဖြစ်လာဖို့ အလွန် ခဲယဉ်းသည်။ အိမ်ထောင်ရေးကံခေတတ်သည်။ သူတပါးတို့အပေါ်တွင် မှီခိုနေရတတ်သော ဘဝမျိုး ဖြစ်တတ်သည်။
နွယ်
အမှည့်များသော နာမည်တစ်ခုဖြစ်သည်။ ပါပ “အသံရှည်” ဖြစ်၍ ဒီဃရဿ ပျက်ပြီး၊ အိမ်ထောင်ရေး၊ အချစ်ရေးကံ မကောင်းနိုင်။ အထူးသဖြင့် ထိုနာမည် ပိုင်ရှင် မိန်းကလေးများသည် အိမ်ထောင်မကျမီ အချစ်ရေးနှင့် လိင်ကိစ္စများ ရှုတ်ထွေးတတ်သည်။ နာမည်ပျက်ကိန်း ရှိတတ်သည်။ အိမ်ထောင်ကျပြီးလျှင်လည်း အိမ်ထောင်ရေးဒုက္ခများ ပွေလီတတ်သည်။ အင်္ဂါဂြိုဟ် နိမ့်ကျနေပါက မိမိ၏ အိမ်ထောင်ဖက်အား အားမကိုးရခြင်း၊ အိမ်ထောင်ဖက်ဖြစ်သူ ဖောက်ပြန်ခြင်းများကို ကြုံရမည်။ အနေနီးသူများနှင့် ငြိစွန်းလွယ်ပြီး၊ မိမိကိုယ်တိုင် အိမ်ထောင်ရေး အမှားပြု မိတတ်ကြသည်။ ထိုနာမည်ရှင်များသည် မိမိ၏ ဆွေမျိုးသားခြင်းများ နှင့် သော်လည်းကောင်း၊ မိမိ အိမ်ထောင်ဖက်၏ ဆွေမျိုးသားချင်းများနှင့် သော်လည်းကောင်း အမြဲ လိုလိုပင် မသင့်မတင့် ဖြစ်နေရတတ်သည်။ ယောင်္ကျားများနှင့် လိုက်ဖက်မှု မရှိလှသော နာမည်မျိုးဖြစ်ပြီး၊ ယောင်္ကျား နာမည်များတွင် ပါပါက အပြစ်မကင်းသော ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများဖြင့် အသက်မွေး တတ်ကြသည်ကို တွေ့ရပါသည်။
နှင်း
ပါပ “အသံရှည်” ဖြစ်၍ ဒီဃရဿပျက်သည်ဟု ဆိုနိုင်သည်။ ဗျုပ္ပတ် သဘောအရ အသားအရောင် ဖြူဝင်းခြင်းကို နှစ်သက်သည်။ အမျိုးသမီး များတွင် အမှည့်များသော နာမည်ဖြစ်ပြီး၊ အိမ်ထောင်ရေးအပြစ် မကင်းလှ ချေ။ စနေဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ တွင် ရှိနေပါက အိမ်ထောင်ဆက် များတတ်သည်။ အသားအရောင် ဖြူဝင်း သူများတွင် စီးပွားရေးကံ ကောင်းပြီး၊ ဘဝ အဆင့်အတန်း မြင့်မားတတ် သော်လည်း အသားအရောင် ညိုသူများတွင် ပင်ပန်းဆင်းရဲတတ်သည်။ စီးပွားရေး ကောင်းသော်မှ လူပင်ပန်းဆင်းရဲပြီးမှ ငွေဝင်တတ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည် ဖြစ်ပါက ကြီးပွားချမ်းသာရေးကံ၌ကား မညံ့လှပါ။ အချို့ဆိုလျှင် အလွန်ချမ်းသာကြွယ်ဝသူများအဖြစ် တွေ့ရသည်။
နှောင်း
ဗျုပ္ပတ်မကောင်းလှသောနာမည်မျိုးဖြစ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးကံ ခေတတ်သည်။ မလွတ်လပ်သောသူများနှင့် ငြိစွန်းတတ်သည်။ ဘဝတွင် အောင်မြင်သင့်သလောက် မအောင်မြင်တတ်ဘဲ မျှော်လင့်ချက်၊ ရည်မှန်းချက် တို့ဖြင့်သာ ဘဝကို ရှင်သန်သွားရတတ်သည်။
နှစ်
ထိုနာမည်သည်လည်း မှည့်ခေါ်မှုနည်းပါးသောနာမည်ဖြစ်သည်။ အိမ်ထောင် ရေး အပြစ်မကင်းသော နာမည်ပင်ဖြစ်သည်။ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိ အိမ်ထောင်ဖက်၌ ဖြစ်စေ အိမ်ထောင်ရေး ရှုတ်ထွေးဖောက်ပြန်တတ်သော နာမည်မျိုးဖြစ်သည်။ အင်္ဂါဂြိုဟ်၊သောကြာဂြိုဟ်များနိမ့်ကျနေပါက အိမ်ထောင်ဆက် များတတ်သည်။ တစ်ခုလပ်၊ မုဆိုးဖို၊ မုဆိုးမဖြစ်လွယ်သော နာမည် မျိုးဖြစ်သည်။
နွေ
ဗျုပ္ပတ်သဘောအရ အေးချမ်းမှုမရှိလှသော နာမည်မျိုးဖြစ်သည်။ ဒီဃရဿ မှားယွင်း နေသောကြောင့် အသားအရောင် ဖြူဝင်းသူများတွင် အေးချမ်း တည်ငြိမ်သော ဘဝမျိုးကို မရနိုင်ချေ။ အသားအရောင် ညိုသောသူများတွင် သင့်ရုံမျှသာ အကျိုးပေးနိုင်သည်။ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး များအတွက် အမြဲလို ပူပင်ကြောင့်ကြ နေရတတ်သော နာမည်မျိုးဖြစ်သည်။
နွေး
ဗျုပ္ပတ်ကောင်းသည်။ သို့သော်လည်း ထိုနာမည်မျိုးသည် တိုင်စဉ်၊ တွဲလုံး မှန်ခြင်း ဣဋ္ဌအမည်ဖြစ်ခြင်း၊ ပက္ခတ်လွတ်ခြင်းများ ပြည့်စုံပါမှ ကောင်းကျိုး ပြုနိုင်သည်။ အမှားအယွင်း အလွန်များခဲ့လျှင် အိမ်ထောင်ရေး၊ စီးပွားရေး အဖက်ဖက်မှ ညံ့တတ်သည်။ အိမ်ထောင်ဖက်ကို အားမကိုးရတတ်ချေ။ စီးပွားရေး၌လည်း ခက်ခဲပင်ပန်းစွာ စီးပွားလုပ်ကိုင်စားသောက်ရတတ်သည်။ တတ်ကျွမ်းနားလည်သော ဆရာသမားများ နှင့် တိုင်ပင်မှုမရှိဘဲ အရမ်းမမှည့် သင့်ချေ။ အမှားများတတ်သော နာမည်မျိုး ဖြစ်သည်။
စနေဂြိုဟ်တွဲလုံးအမည်များ
တာရာ
ဗျုပ္ပတ်သင့်သည်။ ယောင်္ကျားနာမည်၊ မိန်းမနာမည် (၂) မျိုးစလုံးတွင် တွေ့ရသည်။ အိမ်ထောင်ရေးကောင်းရန် အင်္ဂါဂြိုဟ်၊သောကြာဂြိုဟ်များ အပြစ်မရှိရန် လိုသည် (ပုတိ၊ ဘင်္ဂ၊ မရဏ မကျရ)။ အလွန်အမင်း ထင်ပေါ်ကျော်ကြားမှုမျိုး မရရှိနိုင်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်လျှင် ထိုက်သင့်သော ဘဝအကျိုးပေးကို ခံစားရမည်။
တင့်တယ်
ဗျုပ္ပတ်ကောင်းပြီး ခန့်ငြားသောနာမည်ဖြစ်သည်။ စနေဂြိုဟ်အပြစ်ရှိလျှင် (ပုတိ၊ ဘင်္ဂ၊ မရဏ) ဖြစ်လျှင် မမှည့်သင့်ချေ။ ဘေးဥပဒ်ကြီး ကြုံရ တတ်သည်။ အသားအရောင် ဖြူဝင်းပြီး၊ ရုပ်ရည်အဆင်ပြေသူများ ကောင်း စားလွယ်သည်။ တိုင်စဉ် မှန်လျှင် ဘဝတစ်လျှောက်လုံး အဆင့်မြင့်မြင့် နေရတတ်သည်။ စနေဂြိုဟ်တွဲလုံးများ ဖြစ်သော်လည်း အိမ်ထောင်ရေးကံ မညံ့လှပါ။
တည်ကြည်
ခန့်ငြားသော ယောင်္ကျားနာမည်ဖြစ်သော်လည်း၊ မိန်းကလေးများတွင်လည်း မှည့်ခေါ် နိုင်သည်။ အသားအရောင် ဖြူလတ်ခြင်းရှိလျှင် ကောင်းစား တတ်သည်။တိုင်စဉ် မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်ပါက ဩဇာအာဏာရှိပြီး ထင်ပေါ် ကျော်ကြား တတ်သည်။ အပြစ်ကင်းသောအလုပ်များဖြင့် ကြီးပွားအောင်မြင် တတ်သည်။ အနုပညာဖက်တွင် ထူးချွန် ပေါက်မြောက် တတ်သော နာမည် မျိုး ဖြစ်သည်။
တော်ဝင်
ဗျုပ္ပတ်ကောင်းဖြစ်ပြီး၊ တိုင်စဉ်မှန်အောင်မှည့်ထားသော ဣဋ္ဌအမည်ဖြစ်ပါက ဘဝတွင် ထူးထူးချွန်ချွန် ပေါက်မြောက် အောင်မြင် တတ်သည်။ ကျား၊ မ မရွေး မှည့်ခေါ် နိုင်သည်။ အိမ်ထောင်ဖက်ကောင်း ရနိုင်ပြီး၊ အိမ်ထောင်ဖက် ၏ အကျိုးပြုမှုကို ခံစားရရှိနိုင်သည်။
တွယ်တာ
ဗျုပ္ပတ်သင့်ရုံမျှသာရှိပြီး၊ စနေဂြိုဟ်နှစ်လုံးထပ်နေသော နာမည်ဖြစ်၍ ပုတိ၊ ဘင်္ဂ၊ မရဏဖွားများ မမှည့်သင့်ချေ။ မှည့်ပါက ဘဝတွင် ကြီးမားသော မတော်တဆ ထိခိုက်မှုများနှင့် ကြုံရတတ်သည်။ အင်္ဂါဂြိုဟ်နိမ့်ကျသော အမျိုးသမီးများတွင် အိမ်ထောင်ရေးကံ မကောင်းလှချေ။ လင်ယောင်္ကျား ဖြစ်သူ၏ အနိုင်ထက်ပြုမှုကို ခံရတတ်သည်။ အနစ်နာခံရမှုများသော နာမည်မျိုး ဖြစ်သည်။
ဒါလီ
သေးသွယ်နွဲ့နှောင်းသော မိန်းကလေးများနှင့် သင့်တော်သောနာမည်မျိုး ဖြစ်သည်။ သိမ်မွေ့နူးညံ့သော ဝစီကံ အပြောအဆို များကို နှစ်သက်ပြီး၊ စကားကို ကြမ်းတမ်း မောက်မာစွာပြောဆိုတတ်သောသူများတွင် လူမှုရေး၊ စီးပွားရေး၊ ဘဝအောင်မြင်ရေး အားလုံးတစစနှင့် ဆုတ်ယုတ်ပျက်ပြား တတ်လေသည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည် ဖြစ်လျှင် ကောင်းကျိုး ပြုနိုင်သော နာမည်မျိုး ဖြစ်သည်။
ဒီပါ
ထိုနာမည်သည် တွဲဖက်နေသော နာမည်များကြောင့် ဗျုပ္ပတ်လွန်ခြင်း ဖြစ်တတ်သည်။ (ဥပမာ-“ဒီပါကျော်၊ ဒီပါအောင်” ကဲ့သို့ နာမည်မျိုး)။ ထိုသို့ ဗျုပ္ပတ်လွန်ခြင်းသည် နာမည်ပိုင်ရှင်အား “ခိုက်” တတ်လေသည်။ ဘဝတွင် မတော်တဆ ထိခိုက်ဒါဏ်ရာရ ခြင်း၊ ကိုယ်အင်္ဂါခွဲစိတ်ရခြင်းများကို ဖြစ်စေနိုင်သည်။ တိုင်စဉ်မှန်ပြီး၊ ဗျုပ္ပတ်မလွန်အောင် မှည့်နိုင်ပါမှ ကောင်းကျိုး ပြုနိုင် လေသည်။ အမှည့်မတော်ပါက ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမို ဖြစ်ပွားစေလေသည်။
ဒေစီ
အင်္ဂလိပ်နာမည်ကို ခေတ်ဆန်သူ မြန်မာလူမျိုးများ အငှားယူပြီး မှည့်ခေါ် သော နာမည်ဖြစ်သည်။ ထိုနာမည်တွင် အိမ်ထောင်ရေးအပြစ် များစွာ ရှိသည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် လိင်ကိစ္စ အရှုတ်အထွေးများ ဖြစ်စေနိုင်သည်။ နာမည်ပျက် တတ်သည်။ တယူသန်ဆန်သော အစွဲအလမ်း များ ရှိတတ်ပြီး၊ လောင်းကစားမှုကို ခုံမင်တတ်သည်။
ဒေဝီ
တိုင်းရင်းသားမျိုးနွယ် အကြီးအကဲ ဆွေမျိုးစုနာမည်များ၊ မြန်မာမင်းမျိုး မင်းနွယ်များတွင် အတွေ့ရများသည်။ နန်းဆန်၊ မဟာဆန်လှသော နာမည် ဖြစ်သည်။ တွဲဖက်နေသော နာမည်တွဲလုံးများ၊ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌဖြစ်ပါက ကောင်းကျိုးပြုနိုင်သည်။ တိုင်စဉ်ဇောက်ထိုး ဖြစ်ပြီး၊ အနိဋ္ဌအမည်ဖြစ်ပါက အသက်ကြီးမှ ဆင်းရဲဒုက္ခ ရောက်ရ တတ်လေသည်။ အင်္ဂါဂြိုဟ်နိမ့်ကျလျှင် အိမ်ထောင်ဖက်၏ အနိုင်ကျင့်မှုကို ခံရမည်။ အိမ်ထောင်ရေး မသာယာ တတ်ပါ။
ဒန္တီ
ဗျုပ္ပတ်သဘောအရ “သွား” များ ညီညွတ်လှပမှုရှိပါမှ ကောင်းကျိုးပြုနိုင်သည်။ “သွား” များညီညွတ်လှပမှုအပြင် ကိုယ်ခန္ဓာ အချိုးအဆစ် ပြေပြစ်မှုလည်း လိုအပ်သည်။ သို့မှသာ ဗျုပ္ပတ်ညီညွတ်ပြီး ကောင်းကျိုးပြုနိုင်သည်။ သို့သော် အိမ်ထောင်ရေး ကံဇာတာ၌ကား မကောင်းလှချေ။ အင်္ဂါဂြိုဟ် အနေ အထား မကောင်းလျှင် အိမ်ထောင်ဆက် များတတ်ပြီး အိမ်ထောင်ရေး၌ အမြဲစိတ်ဆင်းရဲနေရတတ်သော အမည်မျိုးဖြစ်သည်။
နန္ဒ
ယောင်္ကျားနာမည်များတွင် တွေ့ရသည်။ အသားအရောင် ညိုသူများ၌ ကောင်းကျိုး ပြုပြီး၊ အသားအရောင် ဖြူဝင်းလျှင် အကျိုးပေးမှု လျော့နည်း သည်။ ရဲရင့်ပြီး စိတ်ထားတည်ကြည်မှုကို ဖြစ်စေနိုင်သည်။ လူမှုဆက်ဆံရေး ကောင်းတတ်သည်။ အပြောအဆို လိမ္မာတတ်သည်။ အိမ်ထောင်ရေးကံ၌မူ ကောင်းကျိုးပြုမှု နည်းတတ်သည်။ စနေဂြိုဟ် နှစ်ထပ်ဖြစ်နေခြင်းကြောင့် အိမ်ထောင်ရေး အပြစ်ရှိသော နာမည်တစ်ခုဖြစ်သည်။ မိန်းမနာမည်များ တွင် ပါပါက ယောင်္ကျားနာမည်များထက် ပိုမို အပြစ်ပြုတတ်လေသည်။
နန္ဒာ
မိန်းမနာမည်များတွင် ပို၍ တွေ့ရသည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု များပြားသောနာမည်မျိုး ဖြစ်သည်။ ဘဝတစ်လျှောက်လုံး လိင်ကိစ္စ အရှုတ်အထွေးများ မကင်းချေ။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စများကို လေးလေးနက်နက် မရှိလှဘဲ ပေါ့ပေါ့တန်တန် သဘောထား တတ်သည်။ ဘဝတွင် အိမ်ထောင်ရေး ရှုတ်ထွေးမှုများကြောင့် နှစ်ကြိမ် ထက်မနည်း အရှက်တကွဲ ဖြစ်ရတတ်သည်။ သို့သော် ထိုသို့ ဖြစ်လျှင်လည်း ဂရုစိုက်လှသူများ မဟုတ်ချေ။ လောင်းကစား ဝါသနာပါတတ်ပြီး၊ ဘဝတွင် လောင်းကစားကိစ္စကြောင့် စီးပွားရေးများ အကြိမ်ကြိမ် ပျက်စီးတတ်သည်။ တိုင်စဉ်မှား၊ အနိဋ္ဌအမည်များဖြစ်ပါက စီးပွားရေး၌ အိတ်ပေါက်နှင့် ဖားကောက် ရသလို ရှိတတ်သည်။ အပေါင်းအသင်း၊ မိတ်ဆွေ များပြား တတ်ပြီး၊ အပေါင်း အသင်းများ၏ အပေါ်တွင် အနစ်နာခံ ပေါင်းတတ်သော် လည်း မိတ်ဆွေစစ် ရှားလှသည်။
နဝရတ်
အဖိုးထိုက် ကျောက်မျက်ရတနာ (၉)မျိုးနှင့် နှိုင်းယှဉ်တင်စားထားသော နာမည်မျိုး ဖြစ်သည်။ အဖိုးတန်ရတနာများနှင့် နှိုင်းတု ထားခြင်းဖြစ်၍ စိတ်နေစိတ်ထား ကောင်းမွန်ပြီး၊ ကိုယ်ကျင့်တရား မြင့်မားပါမှ ကောင်းစား တတ်သည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည်ဖြစ်ပါက လူချစ်လူခင်များပြီး လူအများနှင့် ဆက်ဆံလုပ်ကိုင်ရသော လုပ်ငန်းများ၌ အောင်မြင်တတ်သည်။ အင်္ဂါဂြိုဟ် အနေအထား ကောင်းပါက အိမ်ထောင်ရေးကံ မညံ့လှပါ။ စီးပွား ရေးကံလည်း ကောင်းမွန်တတ်ပါသည်။ အထက်တန်းကျသော ဘဝတွင် နေထိုင်ရတတ်သည်။
နွယ်နီ
စနေနှစ်လုံးထပ်ဖြစ်ပြီး၊ အိမ်ထောင်ရေးအပြစ်မကင်းလှသော နာမည်ဖြစ်သည်ဟု ယူဆရမည်ဖြစ်သော်လည်း အင်္ဂါဂြိုဟ် အနေကောင်းပါက အိမ်ထောင်ရေး အနည်းအကျဉ်း အဆင်မပြေမှုမျိုးလောက်သာ ရှိတတ်ပြီး၊ ရှေရည်တွင် အိမ်ထောင်ရေး တည်တံ့ ခိုင်မြဲကြသည်ကိုလည်း အများအပြား တွေ့ရသည်။ အင်္ဂါဂြိုဟ် နိမ့်ကျခြင်း၊ စနေဂြိုဟ် အားနည်းခြင်းများ ရှိမှသာ အိမ်ထောင်ရေး အပြစ်ပေးနိုင်သော နာမည်ဖြစ်သည်ဟု မှတ်ယူသင့်သည်။ စီးပွားရေးအပြစ် ကား အလွန်အမင်း မများပါ။ တိုင်စဉ်မှန်လျှင် စီးပွားရေးကံ ကောင်းကြသည် က များပါသည်။
နှင်းဆီ
စနေအင်္ဂါ ပါပဂြိုဟ်နှစ်လုံးထပ်ခြင်းကြောင့် အိမ်ထောင်ရေးကံ မကောင်း လှသော နာမည်မျိုးဖြစ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု များတတ်သည်။ နာမည်ပျက်ကိန်း ရှိသည်။ တိုင်စဉ်မှား၊ အနိဋ္ဌအမည်များတွင် ယောင်္ကျားများ၏ ဒုက္ခပေးမှုကို ခံရတတ်သည်။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌအမည် ဖြစ်ပါမှ အိမ်ထောင်ဖက်ကောင်း ရရှိရန် မျှော်လင့်နိုင်သည်။ တွဲဖက်စာလုံးများ ကောင်းပါက ကောင်းမွန်သော ကံကြမ္မာကို မျှော်လင့်နိုင် သည်။ တွဲဖက်စာလုံး မကောင်းပါက ကံကြမ္မာ မကောင်းတတ်ပါ။
နေခြည်
ဗျုပ္ပတ်အလွန်ကောင်းသော နာမည်ဖြစ်သည်။ အညို၊ အမည်းရောင် အက္ခရာဖြစ်သော်လည်း ဗျုပ္ပတ်သဘောကြောင့် အသားအရောင် ဖြူဝင်း သူများ၌လည်း အကျိုးပေး လိုက်ဖက်မှု ရှိလှသည်။ ကိုယ်စွမ်းကိုယ်စရှိပြီး ရည်မှန်းချက် ကြီးမား တတ်သည်။ တိုင်စဉ်မှန်သော ဣဋ္ဌအမည်ဖြစ်ပါက အိမ်ထောင်ဖက်ကောင်း ရနိုင်ပြီး၊ ဘဝကံဇာတာ မြင့်မားတတ်သည်။ တိုင်စဉ် မှားပြီး အနိဋ္ဌဖြစ်နေလျှင်မူကား အိမ်ထောင်ရေး အကျိုးပေး မကောင်းနိုင် တော့ဘဲ တကိုယ်ကောင်းဆန်ပြီး အနိုင်ကျင့်တတ်သော လော်လီဖောက်ပြား တတ်သော အိမ်ထောင်ဖက်ကို ရတတ်ပြီး၊ အိမ်ထောင်ရေး စိတ်ဆင်းရဲမှု နှင့် ကြုံရတတ်သည်။
နံ့သာ
ဗျုပ္ပတ်ကောင်းမွန်မှုရှိသည်။ သေးသေးတင် နှင့် အောက်မြစ်သရများသည် ဆိုးသော သရများ ဖြစ်သော်လည်း ဗျုပ္ပတ် ကောင်းမွန်မှုကြောင့် ဆိုးကျိုးများ အတန်ငယ် ပြေပျောက်စေနိုင်သည်။ အသားအရောင် အလွန်ရွေးချယ်မှု မရှိသော်လည်း အသား ဖြူဝင်းသော သူများ၌ ပိုမို အကျိုးပြုနိုင်သည်။ အင်္ဂါဂြိုဟ်အနေအထား ကောင်းပါက အိမ်ထောင်ရေးကံ မညံ့နိုင်ပါ။
နှစ်သက်
အသားအရောင် လတ်၊ ညိုသူများအတွက် ပို၍ အကျိုးပြုနိုင်သော နာမည် ဖြစ်သည်။ စနေဂြိုဟ် ဘင်္ဂ၊ မရဏတွင်ရှိသူများကို မှည့်ခေါ်ပါက အိမ်ထောင်ဆက် များတတ်သည်။ အိမ်ထောင်ရေးတွင် ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ဒုက္ခကြုံရတတ်သည်။ စနေနှင့် အင်္ဂါဂြိုဟ် အနေအထား ကောင်းလျှင် အိမ်ထောင်ရေးကံကောင်းတတ်ပါသည်။ ယောင်္ကျားလေး နာမည်များထက် မိန်းကလေးနာမည်များတွင် ပိုမိုသင့်လျှော်သည်။
နှစ်ဆန်း
မြန်မာနှစ်၊ အင်္ဂလိပ်နှစ်ဆန်းစတွင် မွေးဖွားသူများအားပေးလျှင် ဗျုပ္ပတ် ညီညွတ်သော နာမည်ဖြစ်သည်။ သို့သော် စနေဂြိုဟ်၊ အင်္ဂါဂြိုဟ်အားနည်း သောသူများတွင်ပေးလျှင် အိမ်ထောင်ရေး ကံခေတတ်သည်။ အိမ်ထောင် တစ်ဆက်နှင့် မပြီးပဲ အိမ်ထောင်ဆက်များတတ်သည်။ ယောင်္ကျားကလေး များတွင် အိမ်ထောင်ရေး အပြစ် မကြီးပဲ မိန်းကလေးများ၌ အိမ်ထောင်ရေး အပြစ်ရှိတတ်သည်။ အင်္ဂါဂြိုဟ် အားကောင်းမှ ပေးသင့်သော နာမည် ဖြစ်သည်။
နီလာ
မှည့်ခေါ်မှု အတန်များသောတွဲလုံးတစ်ခုဖြစ်သည်။ အသားအရောင် ညိုခြင်း၊ မည်းခြင်းကို နှစ်သက်သည်။ အသားအရောင် ဖြူသူများတွင် အချစ်ရေး၊ အိမ်ထောင် ရေးကံ မကောင်းလှပါ။ အင်္ဂါဂြိုဟ်နိမ့်ကျပါက အိမ်ထောင်ပြုရာ တွင် အနှောင့်အယှက်၊ အခက်အခဲများစွာ ကြုံရခြင်း၊ မိမိ အမှန်တကယ် နှစ်သက် မြတ်နိုးသူနှင့် လွဲရခြင်း၊ အိမ်ထောင်ဖက်ကို အားကိုးမရခြင်းများ ဖြစ်တတ်သည်။ တိုင်စဉ် ဇောက်ထိုးဖြစ်ခြင်း၊ နာမည်အရင်းလုံးနှင့် အဖျားလုံး ပက္ခတ်ကြုံခြင်းများ ရှိပါက ဘဝအောင်မြင်ရေး၊ ကြီးပွားရေးများကို လွန်စွာ ထိခိုက်တတ်လေသည်။ အပျိုကြီး ဖြစ်လွယ်တတ်သော နာမည်ဖြစ်သည်။
နဒီ
အသားအရောင် လတ်၊ ညို၊ မည်းသူများ၌သာ အကျိုးကျေးဇူး အတော် အတန် ရှိတတ်သော နာမည်ဖြစ်သည်။ တွဲဖက်နေသော စာလုံးများအပေါ် တွင် မူတည်၍ ကောင်းကျိုးဆိုးဖြစ်များ ဖြစ်နိုင်သည်။ ဗျုပ္ပတ်သင့်ရုံမျှသာ ရှိသည်။ အင်္ဂါဂြိုဟ် အနေအထားမကောင်းပါက အိမ်ထောင်ရေးအပြစ်ရှိသော နာမည်တစ်ခု ဖြစ်သည်။
နန္ဒီ
“နန္ဒာ” နှင့် အလားသဏ္ဍန်တူသော အကျိုးပေးမှုများ ရှိတတ်သည်။ အသားအရောင် ဖြူ၊ ဝါသူများနှင့် လုံးဝမလိုက်ဖက်ချေ။ အသားအရောင် ဖြူသူများတွင် အိမ်ထောင်ရေးကံ ဆိုးဝါးနိုင်သည်။ အင်္ဂါဂြိုဟ်သည် ဘင်္ဂ၊ မရဏ တွင်ရှိသောသူများတွင် အိမ်ထောင်ဆက်များနိုင်သော ကံရှိလေသည်။
# တနင်္လာနေ့နံ အမည်များ
4 Commentsတနင်္လာအက္ခရာများနှင့်သက်ဆိုင်သောအမည်များ
.
က
ယခုခေတ်တွင် နာမည်မမှည့်ခေါ်တော့ပါ။ ရှေးယခင်ကမူ “မောင်က”၊ “မယ်က” စသည်ဖြင့် မှည့်လေ့ရှိကြသည်။ အသားအရောင် အဖြူ၊ အလတ် ကိုနှစ်သက်ပြီး၊ အသားညိုပါက ပင်ပန်းဆင်းရဲ တတ်သည်။
ကာ
မှည့်ခေါ်မှု အလွန်နည်းသော အမည်ဖြစ်သည်။ ဗျုပ္ပတ်သင့်၏။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်သည်။ အသားအရောင် ညိုသူများတွင် မှည့်ခေါ်ပါက အိမ်ထောင်ရေးကံ မကောင်းတတ်ချေ။
ကေ
အမျိုးသမီးနာမည်များတွင် အများဆုံးတွေ့ရသည်။ အသားအရောင်ဖြူခြင်း၊ လတ်ခြင်း ရှိလျှင် ကောင်းစားတတ်သည်။ အသားအရောင် ညိုလျှင် အိမ်ထောင်ရေး မကောင်းနိုင်ပါ။ နာမည်အရင်းလုံးသည် ဣဋ္ဌ ဖြစ်လျှင် စီးပွားရေး မတောင့်မတ၊ မကြောင့်မကျ နေရတတ်သည်။
ကဲ
မှည့်ခေါ်ခဲသော နာမည်မျိုးဖြစ်သော်လည်း မိန်းကလေးများတွင် အိမ်နာမည်အဖြစ် ခေါ်ဆိုနေကြရာမှ နာမည်တွင် သွားတတ်သည်။ ဗျုပ္ပတ်မကောင်းလှသော အမည်ဖြစ်ပြီး၊ ဆန်းတိုင် ဇောက်ထိုးဖြစ်ခြင်း၊ မဟာဘုတ်ပက္ခတ်မိခြင်းများ ရှိပါက အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးတတ်သည်။ နာမည်ပျက်တတ်သော အမည်မျိုး ဖြစ်သည်။
ကော်
ကိုယ်စွမ်းကိုယ်စရှိသော နာမည်မျိုးဖြစ်ပြီး၊ မိန်းကလေးများတွင် မှည့်ခေါ်ပါက ယောင်္ကျားဆန်သော စိတ်သဘောထားမျိုး ရှိတတ်သည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ၊ စနေနံများ ဖြစ်ပြီး၊ မဟာဘုတ်တွင် ဣဋ္ဌ ဋ္ဌာနတွင် ရှိပါက ကျော်ဇောထင်ရှားတတ်သည်။ စီးပွားရေးကံ ကောင်းတတ်သည်။
ကံ
အတော်အတင့်မှည့်ခေါ်မှုများသောနာမည်မျိုးဖြစ်သည်။ သာမန်အားဖြင့် ကြည့်လျှင် ဗျုပ္ပတ်ကောင်းသော အမည်တစ်ခု ဖြစ်သည်ဟု ထင်ရသော်လည်း လက်တွေ့အားဖြင့် ကံပါသော နာမည်ပိုင်ရှင်များသည် ဘဝတွင် ထင်သလောက် ကံမကောင်း တတ်ချေ။ ကံကောင်းစေရန်အလို့ငှာ ကံကောင်း၊ ကံထွန်း၊ ကံမြင့်၊ ကံဇော်၊ ကံညွန့် စသည်ဖြင့် “ကံ” ပါအောင် မှည့်ခေါ်ကြသော်လည်း ထိုအမည်ပိုင်ရှင် (၈၀) ရာခိုင်နှုန်း ခန့်မှာ ဘဝကံ ခေတတ်ကြသည်။ ဘဝ အနိမ့်အမြင့်၊ အတက်အကျ လောကဓံများကို အများဆုံး ခံရတတ်သည်။ ငယ်စဉ်ဘဝတွင် မိဘ၊ မောင်နှမသားချင်းများနှင့် ကွဲကွာ နေထိုင်ရတတ်ခြင်း၊ ပညာပြီးပြည့်စုံအောင် မသင်ရခြင်းများ ကြုံရတတ်သည်။ အသားအရောင်ဖြူလျှင် အတော်အတင့် ကံကောင်းနိုင်သော်လည်း အသား အရောင် ညိုမည်းလျှင် ပို၍ ကံခေတတ်သည်။ ဗျုပ္ပတ်ကောင်းသော်လည်း လက်တွေ့ မကောင်းသော ထူးဆန်းသည့် နာမည်တစ်ခု ဖြစ်သည်။ ဘဝတွင် အောင်မြင်မှု တသမတ်တည်းရရန် ခဲယဉ်းလှသည်။
ကို
ယောင်္ကျားများတွင်သာ မှည့်ခေါ်လေ့ရှိသော်လည်း ယခုခေတ်တွင် မိန်းကလေး နာမည်များတွင်လည်း နာမည်အဖျားလုံး (နောက်ဆုံးမှပိတ်၍) မှည့်ခေါ်လာကြ လေသည်။ ထိုနာမည်ပိုင်ရှင်မျိုးသည် တည်ငြိမ်အေးဆေးစွာ နေထိုင်လေ့ရှိသည်။ အသားအရောင် ညိုမည်းလွန်းခြင်းမှလွဲ၍ ဖြူ၊ ဝါ၊ လတ် အသားအရောင်များကို နှစ်သက်သည်။ တိုင်စဉ် မှန်ပြီး ဣဋ္ဌအမည် ဖြစ်ပါက ဘဝတွင် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ စိတ်နေစိတ်ထား တည်ကြည်ဖြောင့်မတ်ပြီး၊ သမ္မာအာဇီဝ လုပ်ငန်းများကို လုပ်ကိုင်နေသူ ဖြစ်ပါက ပိုမိုကြီးပွား အောင်မြင်တတ်သည်။ မင်းမှုထမ်း၊ အရာထမ်းလုပ်ငန်းများ၌ ပိုမိုအကျိုးပေးသည်။ ဆန်းတိုင်မှန်လျှင် အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှုကို အကျိုးပြုနိုင်သည်။
ကိုး
“ကို” နှင့်အဓိပ္ပါယ်အကျိုးပေးခြင်း ဆင်တူသော်လည်း ၄င်းနာမည်သည် လူမှု ဆက်ဆံရေးပိုင်းတွင် “ကို” နာမည်ပိုင်ရှင်များလောက် ပြေပြစ်ချောမွေ့ခြင်း မရှိတတ်ပေ။ လူများနှင့် ဆက်ဆံလုပ်ကိုင်ရသော လုပ်ငန်းများနှင့် မသင့်တော် လှချေ။ ဆန်းတိုင်ဇောက်ထိုးဖြစ်လျှင် အိမ်ထောင်ရေးကံ မကောင်းလှပါ။ အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို မခံစားရတတ်ပေ။
ကောက်
နာမည်၏ ဗျုပ္ပတ်မှာ မကောင်းလှချေ။ မြန်မာလူမျိုးများထက် တရုတ်လူမျိုးများ အမှည့်များသောအမည်မျိုးဖြစ်သည်။ အသားအရောင် ဖြူလျှင် စီးပွားရေးကံ မညံ့လှ သော်လည်း အသားအရောင် ညိုလျှင် စီးပွားရေး၊ အိမ်ထောင်ရေးကံမှာ မကောင်း လှပေ။ ပက္ခတ်မိပြီး တိုင်ဇောက်ထိုး ဖြစ်ပါက စုဆောင်းမိသော ငွေကြေးများ မကြာခဏ ဆုံးရှုံးတတ်သည်။ မင်းပြစ် မင်းဒဏ် သင့်တတ်သည်။ အိမ်ထောင် နှစ်ဆက်ဖြစ်တတ်သည်။
ကောင်း
မှည့်ခေါ်မှုများသော နာမည်တစ်ခုဖြစ်သည်။ ဗျုပ္ပတ်ကောင်း တစ်ခု ဖြစ်သော်လည်း ရှေ့နောက်တွဲဖက်နေသော စာလုံးများ ကောင်းပါမှ ကောင်းကျိုး ဧကန် ရရှိနိုင်သည်။ တွဲဖက်စာလုံးများ မကောင်းဘဲ တိုင်ဇောက်ထိုးဖြစ်ခြင်း၊ ပက္ခတ်မိခြင်းများရှိက ထင်သလောက် မကောင်းဘဲ ရှိတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို ပိုမို နှစ်သက်သော်လည်း အသားအရောင် ညိုသူများလည်း မှည့်ခေါ်နိုင်သည်။ အသားအရောင်ထက် တွဲလုံးကောင်းမှ ကောင်းနိုင်သောနာမည်မျိုး ဖြစ်သည်။ အချို့ကလေးများတွင် ငယ်စဉ်ဘဝ၌ ဆိုဆုံးမရန် ခက်ခဲတတ်သည်။
ကစ်
အိမ်နာမည်အဖြစ်မှည့်ခေါ်ရာမှ နာမည်တွင်သွားတတ်သော နာမည်မျိုး ဖြစ်၏။ ဗျုပ္ပတ်သဘောအရ အသားအရောင် ဖြူဝင်းပြီး ဝဖြိုးစိုပြေသော သဘောရှိ၍ အသားအရောင် ညိုပြီး ခန္ဓာသေးကွေးပါက ၄င်းအမည်မှည့်ခေါ်လျှင် ကျန်းမာရေး မကောင်းတတ်ချေ။ မှတ်ပုံတင်နာမည်အဖြစ် မှည့်ခေါ်ရန် မသင့်ပါ။
ကျား
ယခင်ခေတ်များ၌ မှည့်ခေါ်လေ့ရှိကြသော်လည်း ယခုခေတ်တွင် မမှည့်ခေါ်ကြ တော့ပေ။ အသားအရောင် ဖြူခြင်း ရုပ်ရည်ခန့်ညားခြင်းရှိက အကျိုးပေးနိုင်ပြီ အသားအရောင် ညိုပါက အိမ်ထောင်ရေး၊ စီးပွားရေးကံများ မကောင်းနိုင်ပါ။
ကျော်
တနင်္လာအက္ခရာများတွင် အများဆုံးမှည့်ခေါ်ကြသောအမည်မျိုး ဖြစ်ပြီး ယောင်္ကျား လေးများတွင် ပိုမိုမှည့်ခေါ်ကြသည်။ ဗျုပ္ပတ်အလွန်ကောင်းပြီး ကျော်ဇော ထင်ရှားမှု ကို ပေးစွမ်းနိုင်သည်။ အစွမ်းအစရှိသော နာမည်မျိုးဖြစ်သည်။ လူအများ၏ အကူအညီကို ရရှိနိုင်သည်။ ဘဝတွင် ကူညီထောက်ပံ့မည့် အထောက်အပံ့ကောင်း ရှိတတ်သည်။ နာမည်အရင်းလုံးသည် သောကြာ၊ စနေ၊ အင်္ဂါ ဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများ တွင် ရှိပါက အဆင့်တန်းမြင့်ပြီး ကြီးပွားချမ်းသာသောဘဝကို ရရှိနိုင်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ မိန်းကလေးနာမည်များတွင် “ကျော်” ပါခြင်း သည် ပွင့်လင်းရဲတင်းသော စိတ်နေစိတ်ထား ရှိစေပြီး၊ အချစ်ရေးကိစ္စများ ရှုတ်ထွေး တတ်သည်။ ယောင်္ကျားလေးနာမည်များတွင်လည်း “ကျော်”သည် အချစ်ရေး နှင့် အိမ်ထောင်ရေး ရှုတ်ထွေးမှုကို အနည်းနှင့်အများ ရှိစေသည်။ သို့သော်လည်း ဘဝကံ အလွန်ကောင်းနိုင်သော နာမည်ဖြစ်၍ မှည့်ခေါ်သင့်သည်။
ကျော့
မိန်းကလေးနာမည်များတွင်သာ မှည့်ခေါ်လေ့ရှိပြီး ယောင်္ကျားလေး နာမည်များတွင် မှည့်ခေါ်မှုနည်းသည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းရှိလျှင် ကောင်းကျိုးပေး တတ်သည်။ အသားအရောင် ညိုမည်းလျှင် ပင်ပန်းဆင်းရဲ တတ်သည်။ ငွေကြေး စုဆောင်းမိရန် ခက်ခဲတတ်ပြီး လောင်းကစားမှု လုံးဝအကျိုးမပြုသော နာမည် ဖြစ်သည်။ တိုင်စဉ်မှားလျှင် အမြင့်သို့ ရောက်ပြီးမှ အနိမ့်သို့ ပြန်လည် သက်ဆင်းရ တတ်သည်။ ဗျုပ္ပတ်မကောင်း လှသော နာမည်တစ်ခုဖြစ်သည်။ အိမ်ထောင်ရေး၊ စီးပွားရေးများမှာ မတည်ငြိမ်လှပါ။
ကျောက်
မှည့်ခေါ်မှု နည်းသော နာမည်တစ်ခုဖြစ်သည်။ ဗျုပ္ပတ်မကောင်းပါ။ ဘဝကို ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရတတ်သည်။ မင်းပြစ်မင်းဒဏ် သင့်တတ်သည်။ ဘဝတွင် ချမ်းသာမှု အောင်မြင်မှုများကို လွယ်ကူစွာ မရတတ်ဘဲ ရင်းနှီးစွန့်စားရမှု အလွန် များတတ်သည်။ မိမိပိုင်စီးပွားဥစ္စာများကို ရန်သူမျိုးငါးပါး ဖျက်စီးတတ်သည်။ အကျိုးပေး မကောင်းလှသော နာမည် တစ်ခု ဖြစ်သည်။
ကျင်
တရုတ်လူမျိုးအများဆုံးမှည့်ခေါ်တတ်သည်။ အလယ်အလတ် ကောင်းကျိုး ပေးနိုင်သော နာမည်မျိုးဖြစ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်သည်။ အသားအရောင် ညိုမည်းလျှင် စီးပွားရေးကံ မကောင်းနိုင်ပါ။ အနိမ့်အမြင့်၊ အတတ်အကျ များတတ်သည်။ ထို နာမည်ပိုင်ရှင်များ သတိပြုရမည်မှာ သမ္မာအာဇီဝ မကျသော လုပ်ငန်းများ လုပ်ကိုင်မိလျှင် အမှုအခင်းဖြစ်ပွားလွယ်ပြီး ထောင်တန်း ကျလွယ်တတ်သည်။ ယောင်္ကျားနာမည်များတွင် နာမည် အဖျားလုံး ကို ဒွေးဒဟဖြင့် မှည့်ခေါ်ထားပါက အိမ်ထောင်ရေးကံ မကောင်းနိုင်ဘဲ အိမ်ထောင် ဆက်များတတ်သည်။ အမျိုးသမီး နာမည်များတွင်မူ အမျိုးသားနာမည်များလောက် အပြစ်မပြုတတ်ပါ။
ကျောင်း
မှည့်ခေါ်မှုနည်းသော နာမည်တစ်ခုဖြစ်သည်။ အသားအရောင် ဖြူလတ်လျှင် ဘဝကံကောင်းတတ်ပြီး အသားအရောင် ညိုမည်းလျှင် စီးပွားရှာရ ခက်ခဲတတ် သည်။ နာမည်အရင်းလုံးနှင့် အဖျားလုံးပါ ဣဋ္ဌအမည်ချည်းသာဖြစ်လျှင် ဘဝတွင် အလွန်ကြီးမားသော အခွင့်အလမ်းကောင်းများနှင့် ကြုံရတတ်ပြီးအလျှင်အမြန် တိုးတက်ကြီးပွားနိုင်သည်။ “ကျော်” နှင့် အကျိုးပေးဆင်တူပြီး အလားတူ ကောင်းစား နိုင်သော နာမည်တစ်ခု ဖြစ်ပေသည်။ နာမည်ကျော်ကြားတတ်သည်။ ဝစ္စပေါက် သရ ကြောင့် စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ အိမ်ထောင်ရေးပါ ရှုတ်ထွေး လာတတ်သည်။
ကျန်
မှည့်ခေါ်မှုနည်းသောနာမည်ဖြစ်ပြီး၊ ကောင်းကျိုးပေးနိုင်သော နာမည်မျိုးဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်ပါက ကျော်ဇော ထင်ရှားတတ်ပြီး စီးပွားဖြစ်ထွန်း လွယ်သည်။ အသားအရောင် ဖြူ၊ လတ်လျှင် ပိုမို အကျိုးပေးတတ်သည်။
ကျိန်း
တရုတ်လူမျိုးများ မှည့်ခေါ်မှုများသည်။ ပါဝင်နေသောသရများသည် သရကောင်း များ ဖြစ်သော်လည်း အကျိုးပေးထက်သန်မှု မရှိလှပေ။ တာဝန်ဝတ္တရား ကြီးမားစွာ ထမ်းဆောင်ရတတ်သော်လည်း အကျိုးပေးခံစားရမှု နည်းတတ်သည်။ ဘဝတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်သည်။
ကြာ
ထိုနာမည်တွင် ဗျုပ္ပတ် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောပါဝင် လျှက်ရှိပြီး အနက် အဓိပ္ပါယ် များစွာ ထွက်နိုင်သော နာမည်တစ်ခု ဖြစ်သည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ၊ စနေ ဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများတွင် ရှိပါက ကောင်းကျိုးပြုနိုင်မည်။ အနိဋ္ဌ ဖြစ်ပါက ကံမကောင်းလှပါ။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး မကောင်းသော အနက်အဓိပ္ပါယ်ရှိ၍ လက်တွေ့တွင်လည်း အိမ်ထောင်ရေး ရှုတ်ထွေးတတ်ကြ သည်။ အသားညိုသောသူများတွင် နာမည်အဖျားလုံးသည် ဒွေးဒဟဖြစ်ပါက အသောက်အစား၊ အပျော်အပါးနှင့် လောင်းကစား တစ်ခုခုတွင် ထူးချွန်တတ်သည်။
ကြီး
လုံးကြီးတင်ဆံခတ်ပါသော်လည်း နာမည်ဗျုပ္ပတ်ကောင်းသည်။ ထို နာမည်ပိုင်ရှင် များသည် တိုင်စဉ်မှန်ပါက ဘဝတွင် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ ဩဇာအာဏာရှိပြီး လူအများကို အုပ်ချုပ်ရတတ်သည်။ သို့သော် တိုင်စဉ်မှားပြီး အနိဋ္ဌအမည်ဖြစ်ပါက တာဝန်ကြီးမားပြီး အမြဲပူပင်နေရတတ်သည်။ ဆွေမျိုး သားချင်းများ၏ ဒုက္ခကို အနည်းနှင့်အများ ခံစားရတတ်သည့် နာမည်မျိုးဖြစ်သည်။
ကြူ
ပါဝင်နေသောသရများအရ လည်းကောင်း၊ ဗျုပ္ပတ်သဘောအရ လည်းကောင်း အကျိုးပေးထက်သန်တတ်သော နာမည်တစ်ခုဖြစ်သည်။ သံယောဇဉ်ကြီးမားပြီး ပူပင် ကြောင့်ကျမှု များတတ်သည်။ ကိုယ်စွမ်းကိုယ်စ ရှိပြီး၊ ကိုယ်အားကိုယ်ကိုး လိုစိတ် ရှိသည်။ တိုင်စဉ်မှန်လျှင် ဘဝသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ အသားအရောင် ညိုမည်း လွန်းခြင်းမှ လွဲ၍ ကျန်အသားရောင်များ ကောင်းကျိုးပြု နိုင်သည်။ ဘဝတွင် ကူညီစောင့်ရှောက်မည့်သူ အမြဲရှိပြီး အိမ်ထောင်ဖက်ကောင်းရ တတ်သည်။ သို့သော် အင်္ဂါဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ရှိပါက အိမ်ထောင်ဖက်ကို အားမကိုး ရတတ်ချေ။
ကြူး
“ကြူ”ကဲ့သို့ပင် ကောင်းကျိုးပြုနိုင်သော နာမည်ဖြစ်သော်လည်း တိုင်စဉ် မမှားရန် လိုသည်။ တိုင်စဉ် ဇောက်ထိုးဖြစ်ပါက အိမ်ထောင် ဆက်များသွားနိုင်သည်။ ရံဖန်ရံခါ ထိုနာမည်ပိုင်ရှင်များသည် မိုက်မဲသော အပြုအမူများကို လုပ်တတ်ပြီး ဘဝပျက်သည် အထိ မိုက်မှားတတ်သည်ကို သတိပြုရပေမည်။
ကြော့
“ကျော့” နာမည်နှင့် အလားတူ အကျိုးပေးနိုင်သော်လည်း ယပင့် ထက် ရရစ်က ပို၍ အားကောင်းပြီး အကျိုးပေးသည်။ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်စိတ် ပို၍ ရှိပြီး၊ ငွေကြေးစုဆောင်း မိရန် ခဲယဉ်းသော ကံကြမ္မာမူ “ကျော့” နှင့် အလားသဏ္ဍန်တူပင် ဖြစ်သည်။
ကြံ
သေးသေးတင်သရသည် ညံ့သောသရတစ်ခု ဖြစ်သော်လည်း ဗျုပ္ပတ်ကောင်းသော ကြောင့် ထိုအဆိုးတို့သည် ပြေပျောက်နိုင်၏။ လက်တွေ့တွင်လည်း ထိုနာမည် ပါသောသူများသည် ကောင်းစားသည်က ပို၍များသည်။ နာမည် အဖျားလုံး ဣဋ္ဌဖြစ်လျှင် အလုပ်ကြီး အကိုင်ကြီးများကို လုပ်ကိုင်ခွင့် ရစေသော ကံကြမ္မာ ပါတတ်သည်။ အပြိုင်အဆိုင်လုပ်ငန်းများ အပေါ်တွင် အနိုင်ရတတ်သည်။ ဘဝကံ ကောင်းသော်လည်း ထိုနာမည်ပိုင်ရှင်များသည် ရံဖန်ရံခါ အောက်ခြေလွတ်တတ်ပြီး အမှားကြုံရတတ်သည်။
ကြင်
“ကျင်” နှင့် အလားတူသော အကျိုးပေးမျိုး ရှိသော်လည်း ရရစ်သရ ဖြစ်၍ ပိုမို အားကောင်းသည်။ “ကျင်” ထက် ပိုမို အကျိုးပေးသည်။ စီးပွားရေး၊ အိမ်ထောင်ရေး ကံ ပို၍ကောင်းတတ်ပြီး ဩဇာအာဏာ ရှိတတ်သော အမည်မျိုး ဖြစ်သည်။ လူအများ ခန့်ညားလောက်သော ဥပဓိရုပ်မျိုး ရှိတတ်သည်။ ထိုသို့ ဥပဓိရုပ် မခန့်ညားပါ ကလည်း အောင်မြင်ကျော်ဇောမှု မရှိတတ်ပြန်သည်။ ယောင်္ကျား၊ မိန်းမမရွေး မှည့်ခေါ်တတ်သည့် နာမည်မျိုးဖြစ်သော်လည်း ယောင်္ကျားများတွင် ပိုမို အကျိုးပေး ထက်သန်သည်ကို တွေ့ရတတ်သည်။ မိန်းမများ၌မူ အိမ်ထောင်ရေးကံ အနည်းငယ် ညံ့၏။
ကြိုင်
အမျိုးသမီးများ အမှည့်များသော်လည်း အမျိုးသားများလည်း မှည့်ခေါ်ကြသည်။ ပါဝင်သော သရများအရ ကောင်းသောအကျိုး ပေးနိုင်သည်။ တိုင်စဉ် ညီညွတ်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် စီးပွားရေး၊ အိမ်ထောင်ရေးကံများ ကောင်းနိုင်သည်။ ဗျုပ္ပတ် သဘောအရ အပြစ်ကင်းသော အလုပ်များကို လုပ်ကိုင်မှ ထာဝရ အကျိုးပြုနိုင်ပြီး အပြစ်မကင်းသော အလုပ်များကို လုပ်ကိုင်မိပါက ဒုက္ခတွေ့ တတ်သည်။ အမျိုးသမီး များတွင် အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို အလွန်ခံစားရ တတ်သည်။ ထိုနာမည်သည် ယောင်္ကျားများထက် မိန်းမများတွင် ပိုမို အကျိုးပေး သည်ကို တွေ့ရသည်။ ယောင်္ကျားများတွင်မူ ထင်သလောက် အကျိုးမပြုတတ်ပေ။
ကြည်
တနင်္လာအက္ခရာများထဲတွင် မှည့်ခေါ်မှုများသော နာမည်ဖြစ်ပြီး ဗျုပ္ပတ်ကောင်းမွန် သည်။ အသားအရောင် ဖြူ၊ လတ်သူများတွင် ပိုမို အကျိုးပေးပြီး အသားအရောင် ညိုမည်းသူများတွင် စီးပွားရေးများ မတည်ငြိမ်တတ်ပါ။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌ စာလုံးများ ဖြစ်ပါက ဘဝကံ တဖြည်းဖြည်း မြင့်မားတိုးတက်လာမည်။ နာမည် အဖျားလုံး သောကြာ၊ အင်္ဂါ၊ စနေ များဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများတွင် ရှိပါက အိုကံ ကောင်းပြီး သားသမီး အကျိုးပေးကောင်းသည်။
ကြယ်
ယခုခေတ်တွင် မှည့်ခေါ်လာကြသော နာမည်တစ်ခု ဖြစ်သည်။ ဗျုပ္ပတ် အသင့်တင့် ကောင်းမွန်ပြီး အသားအရောင် ဖြူ၊ လတ်သူများတွင် ကောင်းကျိုးပေးသည်။ နာမည် ကျော်ကြားတတ်သော ကံဇာတာရှိတတ်ပြီး တိုင်စဉ်မှန်လျှင် လူအများနှင့် ဆက်ဆံ ရသောလုပ်ငန်းများဖြင့် ကြီးပွားတိုးတက်နိုင်သည်။
ကြွယ်
ဗျုပ္ပတ်ကောင်းသော နာမည်တစ်ခုဖြစ်သည်။ တိုင်စဉ်မှန်သော ဣဋ္ဌအမည်ဖြစ်လျှင် စီးပွားရေးတိုးတက်ကောင်းမွန်ပြီး ဘဝအဆင့်အတန်းမြင့်မားတတ်သော နာမည် မျိုးဖြစ်သည်။ ယောင်္ကျားနာမည်များတွင် အိမ်ထောင်ရေးအပြစ် နည်းပါး သော်လည်း မိန်းမနာမည်များတွင် အိမ်ထောင်ရေးအပြစ် မကင်းလှချေ။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု ရှိတတ်သည်။ တိုင်စဉ်မှားသော နာမည်ဖြစ်လျှင် စီးပွားရေး မတည် ငြိမ်တတ်ဘဲ နိမ့်မြင့်တက်ကျ မကြာခဏ ဖြစ်တတ်ပေသည်။
ကြွေ
ဗျုပ္ပတ်မကောင်းသောနာမည်ဖြစ်ပြီး အိမ်ထောင်ရေး၊ စီးပွားရေးကံများ မကောင်း တတ်ပါ။ သို့သော် အသားအရောင် အလွန်ဖြူသောသူများတွင် ထူးထူးခြားခြား အကျိုးပေးသည်ကိုလည်း တွေ့ရတတ်သည်။ အသားအရောင် ညိုမည်း သူများ တွင် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ရတတ်သည်။
ကွန်း
ယောင်္ကျားများတွင် မှည့်ခေါ်လေ့ရှိကြသော်လည်း အလွန်ရှားပါးသော နာမည် တစ်ခုဖြစ်သည်။ တာဝန်ဝတ္တရား ကြီးမားတတ်သည်။ မိမိအား မှီခိုမည့်သူများ တတ်သည်။ အိမ်ထောင်ရေး ချမ်းသာသုခ နည်းပါးတတ်သည်။
ခ
သရမပါသော ဗျည်းသက်သက်ဖြစ်၍ ဗျုပ္ပါတ်မထင်ရှားပေ။ ကောင်းသော ဗျုပ္ပါတ်ရှိ စကားလုံးနှင့်တွဲလျှင် ကောင်းသော အကျိုးပေးတတ်ပြီး မကောင်းသော ဗျုပ္ပါတ် ရှိသော စကားလုံးနှင့်တွဲလျှင် မကောင်းကျိုးပေးတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းရှိလျှင်ကံကောင်းတတ်ပြီး အသားအရောင် ညိုမည်းပါက ပင်ပန်းဆင်းရဲ မှု များတတ်သည်။
ခံ့
ခံ့ညားထည်ဝါခြင်း အဓိပ္ပါယ်ရှိပြီး ဗျုပ္ပါတ်ကောင်းသော်လည်း သေးသေးတင်နှင့် အောက်မြစ်သရ နှစ်မျိုးလုံး ပါဝင် နေသောကြောင့် အကောင်းအဆိုး ဒွန်တွဲနေသော နာမည် ဖြစ်သည်။ ဘဝတွင် အလုပ်ကြီး အကိုင်ကြီးများ လုပ်ကိုင် ဆောင်ရွက်ခွင့် ရသော်လည်း ဆုံးရှုံးမှု၊ ပျက်စီးမှုများ မကြာခဏ ကြုံရတတ်သည်။ ငွေကြေးဥစ္စာ မတည်မြဲတတ်ပေ။ အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်တတ်သည်။ ရံဖန်ရံခါ ကျော်ဇောထင်ရှားမှုမျိုး ရှိလာတတ်သော်လည်း ထာဝရ အကျိုးပေးမှု မထက်သန် တတ်ပါ။
ခက်
အမျိုးသမီးများတွင် မှည့်လေ့ရှိသော်လည်း ဗျုပ္ပါတ်မကောင်းသော နာမည်ဖြစ်သည်။ အသားအရောင် ဖြူလွန်းခြင်း၊ မည်းလွန်းခြင်းရှိလျှင် အိမ်ထောင်ရေး နှင့် စီးပွား ရေးကို ထိခိုက်တတ်စေသည်။ နာမည်အဖျားလုံး ဒွေးဒဟ ဖြစ်လျှင် အိမ်ထောင်ဆက် များတတ်သည်။ ကိုယ့်ထူးကိုယ်ချွန် ကြီးပွားရန် အလွန်ခက်ခဲပြီး အမှီကောင်း ရှိပါမှ တန်ရုံမျှလောက်သာ အကျိုးပေးတတ်သော နာမည်မျိုး ဖြစ်လေသည်။
ခင်
တနင်္လာအက္ခရာများတွင် အမှည့်များသော နာမည်မျိုး ဖြစ်ပြီး ယောင်္ကျား မိန်းမ မရွေး မှည့်ခေါ်ကြသည်။ အမျိုးသမီးများတွင် တိုင်စဉ်မှန်ပြီး ဣဋ္ဌနာမည်မျိုး ဖြစ်ပါက ဘဝသည် တည်တည်ငြိမ်ငြိမ်နှင့် အကျိုးပေးတတ်သည်။ အိမ်ထောင်ဖက်ကောင်း ရတတ်သည်။ ဤနာမည်ပိုင်ရှင်များသည် ဩဇာပေး ဆရာလုပ်လိုသော စိတ်ထားမျိုး ရှိတတ်သည်။ ယောင်္ကျားမျာတွင် မှည့်ခေါ်ပါက မိန်းမဆန်သော စိတ်ထားမျိုး ရှိစေ တတ်သည်။ တိုင်စဉ်မှားပြီး အနိဋ္ဌနာမည်မျိုးဖြစ်ပါက ဘဝနောက်ပိုင်းတွင် နိမ့်ကျ သက်ဆင်းတတ်ပြီး အိုကံ မကောင်းတတ်ပါချေ။ ယောင်္ကျားများတွင် အပြစ်အလွန် များစေတတ်ပြီး မိန်းမများတွင် အပြစ်ထက် အကျိုးပို၍များစေနိုင်သော နာမည် တစ်ခု ဖြစ်သည်။
ခေါင်
ဗျုပ္ပါတ်ကောင်းသော်လည်း တွဲဖက်နေသေစာလုံးများကြောင့် ဗျုပ္ပါတ်လွန်ခြင်း ဖြစ်တတ်သော နာမည်မျိုးဖြစ်သည်။ အကြံအစည် မြင့်မားတတ်ပြီး တိုးတက်ကြီးပွား လိုသော စိတ်ဆန္ဒများကို လွန်ကဲစေသော နာမည်မျိုး ဖြစ်သည်။ ဘဝတွင် ထိပ်တန်းသို့ ရောက်နိုင်သော နာမည်မျိုးဖြစ်သော်လည်း စိတ်အပြောင်း အလဲ မြန်တတ်ပြီး အမှားအယွင်းများ မကြာခဏ လုပ်မိတတ်သည်။ မိမိ ကိုယ်ကို ထိန်းသိမ်း နိုင်စွမ်း ရှိပါမှ ကောင်းစားတတ်သော နာမည်ဖြစ်သည်။
ခိုင်
ဗျုပ္ပါတ်ကောင်းသော နာမည်မျိုးဖြစ်ပြီး ယောင်္ကျားမိန်းမ မရွေးမှည့်ခေါ်ကြသည်။ ဘဝတွင် တာဝန်ယူရမှု များတတ်ပြီး စိတ်ပူပင်သောက ကြီးမားရတတ်သည်။ ယောင်္ကျားနာမည်ဖြစ်ပါက မိန်းမဆန်သော စိတ်သဘောရှိစေပြီး စိတ်နှစ်ခွ ရှိတတ်သည်။ မိန်းမနာမည် များတွင်မူ အိမ်ထောင်အပေါ် သဝန်တို လွှမ်းမိုးနိုင်သော စိတ်ထားရှိတတ်သည်။ အသားအရောင် အလွန်အမင်း ရွေးချယ်မှုမရှိ။ နာမည် အဖျားလုံးသည် ဒွေးဒဟ ဖြစ်ပါက မိမိသော်လည်းကောင်း၊ မိမိ အိမ်ထောင်ဖက် သော်လည်းကောင်း၊ အိမ်ထောင်ရေး ဖေါက်ပြားတတ်သော နာမည်မျိုးဖြစ်သည်။
ခေတ်
အမှည့်နည်းသော နာမည်မျိုးဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေနေတတ်၍ လှုပ်ရှားတတ်သောနာမည်မျိုး ဖြစ်ပြီး လူထု ဆက်ဆံရေးလုပ်ငန်းများနှင့် အကျိုးပေး တတ်သည်။ ယောင်္ကျားနာမည်များတွင် မိန်းမဆန်သော စိတ်သဘောမျိုး ရှိစေပြီး မိန်းမ နာမည်များတွင် တိုင်စဉ်ကောင်းပြီး ဣဋ္ဌနာမည် ဖြစ်ပါက အိမ်ထောင်ဖက် အကျိုးကျေးဇူးကို အလွန်ခံစား တတ်သော နာမည်မျိုးဖြစ်သည်။
ခန့်
ဗျုပ္ပါတ်ကောင်းပြီး အသားအရောင် ဖြူခြင်း လတ်ခြင်း ရှိပါက ကောင်းစား တတ်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌ နာမည်မျိုးဖြစ်ပါက ဘဝတွင် မမျှော်လင့်သော အကျိုးပေးထက်သန်မှုမျိုး ခံစားရတတ်သည်။ မိမိကိုယ်ကို အထင်ကြီး သောစိတ်မျိုး ရှိစေပြီး ဘဝတွင် အောက်ခြေလွတ်မှုမျိုး မဖြစ်ရန် သတိပြုရမည်။ အကြီးအကဲဖြစ်စေနိုင်သော ယုဂ်မျိုးပါသည့် နာမည်တစ်ခု ဖြစ်သည်။
ခမ်း
ဗျုပ္ပတ်အားဖြင့် မကောင်းသော်လည်း တိုင်းရင်းသား(ရှမ်း)လူမျိုး အမည်များတွင် အများဆုံးပါလေ့ရှိပြီး သူ့လူမျိုး၊ သူ့နာမည်ဖြစ်လျှင် အပြစ်မရှိပါ။ မြန်မာလူမျိုးများ အတွက်မူ အိမ်ထောင်ရေးအပြစ် ရှိပြီး စီးပွားရေး၌လည်း ရလွယ် ကုန်လွယ်တတ် သော နာမည်မျိုးဖြစ်လေသည်။
ချီ
ဗျုပ္ပတ်ကောင်းဖြစ်သည်။ ယောင်္ကျားနာမည်များတွင် အများဆုံး မှည့်ခေါ်လေ့ ရှိသည်။ ဘဝတွင် ကျော်ဇော ထင်ရှားတတ်သည်။ တာဝန်ကြီးကြီးမားမား ထမ်းဆောင်ရတတ်သည်။ သို့သော်လည်း အိမ်ထောင်ရေး ကံညံ့တတ်သည်။ အချို့တွင် ပထမ အိမ်ထောင်ပျက်ပြီး ဒုတိယ အိမ်ထောင်ကျမှ တည်မြဲတတ်သည်။ အမျှော် အမြင်ကြီးမားတတ်ပြီး စီးပွားရေး စိတ်ဇောကြီးတတ်သည်။ နာမည်ကောင်း တစ်ခုဖြစ်သည်။
ချော
အမျိုးသမီး ရာခိုင်နှုန်းအများဆုံး မှည့်ခေါ်တတ်သောနာမည်မျိုး ဖြစ်သည်။ အကျိုးပေးထက်သန်ရန်မှာ ဗျုပ္ပတ်နှင့် ညီညွတ်သော ရုပ်ရည်ချောမောမှု ရှိရန် လိုသည်။ အသားအရောင် ဖြူဝင်းရမည်။ ခန္ဓာကိုယ် သေးသွယ်ရမည်။ သို့မှ အကျိုးပေးမည်။ မပြေပြစ်လှသောရုပ်ရည်ပိုင်ရှင်များကိုပေးမိလျှင် အိမ်ထောင်ရေးကံ ညံ့တတ်သည်။ စီးပွားရေး နှင့် ဘဝအောင်မြင်ရေးကံမှာမူ အညံ့စားထဲ၌ မပါပါ။ ရုပ်ရည်အဆင်ပြေ ပြီး တိုင်စဉ်မှန်သော ဣဋ္ဌအမည် ဖြစ်ပါက အိမ်ထောင်ဖက်၏ ချစ်ခင်မြတ်နိုးမှု အထူးရရှိနိုင်သော နာမည်မျိုး ဖြစ်သည်။
ချို
အသားအရောင် ဖြူခြင်း လတ်ခြင်းကို နှစ်သက်ပြီး ဗျုပ္ပတ်နှင့်ညီညွတ်သော မျက်နှာ ပြုံးချိုခြင်း၊ စကားပြောချိုသာခြင်းမျိုး ရှိသူများတွင် ဘဝသည် ပို၍အဆင်ပြေ တိုးတက်လေ့ ရှိသည်။ အိမ်ထောင်ရေး အပြစ်မကင်းလှသောနာမည်မျိုး ဖြစ်ပြီး အချစ်ရေးပွေလီ ရှုတ်ထွေး တတ်သည်။ ရတာမလို၊ လိုတာမရ အိမ်ထောင်ရေးမျိုး ဖြစ်တတ်သည်။ နာမည် အဖျားလုံးသည် ဒွေးဒဟ ဖြစ်လျှင်သော်လည်းကောင်း၊ ဝစ္စပေါက်ပါလျှင်သော် လည်းကောင်း၊ ဟထိုးပါလျှင်သော်လည်းကောင်း အိမ်ထောင် ဆက်ပါ များတတ်သည်။ စီးပွားရေးကံမှာမူ မဆိုးလှပါ။ နာမည်အရင်းလုံးမှာ သောကြာ၊ အင်္ဂါ၊ စနေအက္ခရာများ ဖြစ်နေပြီး တိုင်စဉ်မှန်နေလျှင် စီးပွားရေး ကံမှာ ထူးထူးခြားခြား အဆင်ပြေ ကောင်းမွန်တတ်သည်။
ချစ်
မိန်းမများတွင် အမှည့်များပြီး ယောင်္ကျားများတွင်လည်း မှည့်ခေါ်လေ့ ရှိပါသည်။ ယောင်္ကျားများတွင် နာမည်အရင်းလုံး ဖြစ်လျှင် စကားပြောဆိုးမည်။ အပြစ်ရှာ တတ်သည်။ ဆက်ဆံရေး မပြေပြစ် တတ်ပါ။ အလိုက်မသိတတ်ပေ။ တနင်္လာဂြိုဟ် ဘင်္ဂနှင့် မရဏ ရှိလျှင် အပြောမတတ်၍ ဘဝတက်လမ်း၊ စီးပွားရေး၊ အိမ်ထောင်ရေး များ ပျက်စီးတတ်သည်။ သူတပါးအား လွန်စွာ အပြစ်ရှာတတ်သူ ဖြစ်ပြီး လူမုန်း များခြင်း ခံရတတ်သည်။ မိန်းကလေးနာမည်များတွင် အသားဖြူပါက သင့်မြတ် ကောင်းမွန်သော နာမည်မျိုး ဖြစ်လေသည်။ ယောင်္ကျားနာမည်များတွင် အပြစ် ပို၍ များတတ်ပေသည်။
ချိန်
ယောင်္ကျားနာမည်များတွင် မှည့်ခေါ်မှု ပို၍များသည်။ ကြီးမားခက်ခဲသော တာဝန် ဝတ္တရား များကို ထမ်းဆောင်ရတတ်သည်။ အယူသည်း တတ်ပြီး ဂမ္ဘီရပညာရှင်များ၌ စိတ်ဝင်စားတတ်သည်။ စည်းကမ်းကြီးတတ်ပြီး ရည်ရွယ်ချက် ကြီးမားတတ်သည်။ ဣဋ္ဌအမည်ဖြစ်ပါက ကောင်းစားတတ်သည့် နာမည်မျိုးဖြစ်သည်။
ချမ်း
ယောင်္ကျား မိန်းမနာမည်နှစ်မျိုးစလုံးတွင် အတွေ့ရများသည်။ ဗျုပ္ပတ်ကောင်းပြီး အေးချမ်းသာယာခြင်း၊ ချမ်းသြွာကယ်ဝခြင်း အနက်အဓိပ္ပါယ်ရှိသည်။ ဣဋ္ဌအမည် ဖြစ်ပြီး တိုင်စဉ်မှန်ပါက ကျော်ဇောထင်ရှားတတ်ပြီး ဘဝအခြေ မြင့်မားတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်ပြီး ညိုခြင်း၊ မည်းခြင်း ရှိပါက အိမ်ထောင်ရေး၊ စီးပွားရေးကံများ မခိုင်လုံတတ်ပါ။
ချယ်
“ချစ်” နှင့် အလားတူသော သဘောဆောင်ပြီး အမျိုးသမီးများတွင် အသင့်အတင့် ကောင်းနိုင်ပြီး အမျိုးသားနာမည်များတွင် ကံမကောင်း တတ်သော နာမည်မျိုး ဖြစ်သည်။ ဆက်ဆံရေး မပြေပြစ်မှုများကြောင့် လူချစ်လူခင် နည်းပါးသော နာမည်မျိုးဖြစ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သော သဘောထားမျိုး ရှိတတ် လေသည်။
ခြူး
ရရစ်သရ၊ နှစ်ချောင်းငင်သရ တို့ကြောင့် နာမည်ကောင်းတစ်ခုပင် ဖြစ်သည်ဟု ထင်ရသော်လည်း မကောင်းသော ကံကြမ္မာ ဘေးဥပဒ် တို့နှင့် တွေ့ရတတ်သော နာမည်မျိုး ဖြစ်သည်။ မကောင်းသော ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကြောင့် မိမိဘဝသည် ထိခိုက် ပျက်စီးရတတ်သည်။ မိမိလုပ်သလောက် အကျိုးခံစားခွင့် မရှိတတ်ပေ။ အသားအရောင် ညို မည်းလျှင် အလွန် ဆိုးဝါးသော အကျိုးဆက်များ ကြုံရတတ်သည်။
ခြည်
တွဲဖက်နေသော စာလုံးကောင်းမွန်လျှင် အကျိုးခံစားခွင့်ရှိသော နာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပါက ဘဝတွင် အိမ်ထောင်ရေး၊ စီးပွားရေးများ မြဲမြံခိုင်မာတတ်သည်။ ဣဋ္ဌအမည်ချည်းသာဖြစ်လျှင် ဧကန်မုချ ကောင်းစားတတ်သော နာမည်ဖြစ်ပါသည်။
ခြိမ့်
မှည့်ခေါ်မှုနည်းသော နာမည်မျိုးဖြစ်ပြီး တာဝန်ကြီးမားခြင်း၊ သံယောဇဉ် ကြီးမားခြင်း၊ အပေါင်းအသင်းများခြင်း၊ အခြံအရံ ပေါခြင်း၊ ကျော်ဇောထင်ရှားခြင်းများဖြင့် ပြည့်စုံ နိုင်သော နာမည်ဖြစ်သော်လည်း တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်ပါမှ ကောင်းကျိုး ဧကန် ရရှိနိုင်ပါသည်။
ခွန်း
တိုင်းရင်းသားနာမည်များတွင် အတွေ့ရများပြီး တွဲဖက်နေသောစာလုံး ကောင်းလျှင် အကျိုးပေးမညံ့သော နာမည်ဖြစ်သည်။ အေးဆေးစွာ နေလေ့ရှိပြီး အသားအရောင် ဖြူ လတ်ခြင်း၊ တိုင်စဉ်မှန်ခြင်း၊ ဣဋ္ဌအမည် ဖြစ်ခြင်း စသော အချက်များ ပြည့်စုံလျှင် အိမ်ထောင်ရေး၊ စီးပွားရေးကံများ ကောင်းနိုင်ပါမည်။
ဂျူး
စွမ်းအားရှိသော ထက်မြက်သော နာမည်တစ်ခုဖြစ်ပြီး မိန်းကလေး နာမည်ဖြစ်လျှင် ယောင်္ကျားဆန်သော စိတ်ထားကို ဖြစ်စေသည်။ အသားအရောင် ဖြူ၊ လတ်ခြင်း ကို နှစ်သက်ပြီး၊ အသားအရောင် မည်းလွန်းခြင်းကို မနှစ်သက်ပေ။ အိမ်ထောင်ဖက် ၏ အကျိုးခံစားခွင့် နည်းပါးတတ်ပြီး၊ ကိုယ့်ထူးကိုယ်ချွန် ပိုမို ကြီးပွားနိုင်သည်။
ဂေါင်
အမှည့်နည်းသော နာမည်ဖြစ်ပြီး ကျော်ဇောထင်ရှားတတ်သော သဘောရှိသည်။ အကြီးအကဲ ဆရာသမားများ၏ အကူအညီ ရတတ်သည်။ တိုင်စဉ်မှန်လျှင် ဘဝတွင် ရည်မှန်းထားသလောက် အောင်မြင်တတ်မည်။
ငု
အမည်းရောင် စာလုံးဖြစ်သော်လည်း ဗျုပ္ပတ်အရ အသားအရောင် ဖြူ၊ ဝါသူများ လည်း မှည့်ခေါ်နိုင်သော နာမည်ဖြစ်သည်။ မိန်းကလေး နာမည်အဖြစ်သာ ပိုမို သင့်တော်မှု ရှိသည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် သင့်တင့်လျှောက်ပတ်သော စီးပွားရေး ခိုင်လုံမှုကို ရနိုင်သည်။ အေးချမ်းစွာ နေလိုသော သဘောရှိပြီး ကျော်ဇော ထင်ရှားမှု နည်းပါးတတ်သည်။
ငုံ
ဘဝတွင် ရည်မှန်းထားသလောက် အကျိုးကျေးဇူး ခံစားခွင့် မရှိသော နာမည်မျိုး ဖြစ်သည်။ ထိုနာမည်ပိုင်ရှင်မျိုးသည် အလွန်အမင်း ကြိုးစားအားထုတ်သော်မှ ထိပ်ဆုံးသို့ ရောက်ရန် ခဲယဉ်းပေသည်။ မျှော်လင့်ချက်၊ ရည်မှန်းချက်များဖြင့်သာ ဘဝကို ကုန်ဆုံးရတတ်သည်။ တိုင်စဉ်မှန်၊ ဗျုပ္ပတ်မှန်ပါမှ အသင့်တင့်မျှသာ အကျိုးပေးတတ်သည်။
ငယ်
အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို မနှစ်သက်ဘဲ အသားအရောင် ညို၊ မည်းသူ များ၌သာ အသင့်အတင့် အကျိုးပေးနိုင်သည်။ ဗျုပ္ပတ် မကောင်းသောကြောင့် ဘဝတွင် အလွန်အမင်း ကြီးပွားတိုးတက်ရန် ခက်ခဲသည်။ အမျိုးသမီး နာမည် များတွင် အိမ်ထောင်ရေးအပြစ် ကြီးမားသည်။ အိမ်ထောင်ရေးကံ မကောင်းခြင်း၊ အိမ်ထောင်ဆက်များတတ်ခြင်း၊ မလွတ်လပ်သောသူများနှင့် ငြိစွန်းခြင်းများ ဖြစ်နိုင် သည်။ စီးပွားရေးကံ ကောင်းခဲ့လျှင်လည်း အိမ်ထောင်ဖက်အတွက် အမြဲ စိတ်ဆင်းရဲ ၍နေရ တတ်သည်။ မဟာဘုတ်တွင် အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိ နေရာများတွင်ရှိပါက အိမ်ထောင်ရေးကံ အလွန်ခေသည်။ အိမ်ထောင်ဖက် ကို အားကိုးမရတတ်ချေ။ အင်္ဂဂြိုဟ် အထွန်း၊ သိုက်၊ ရာဇတွင် ရှိပါမှ အတော်အသင့် ကံကောင်းနိုင်သည်။
ငြိမ်း
ယောင်္ကျား မိန်းမမရွေးမှည့်ခေါ်နိုင်သော နာမည်တစ်ခုဖြစ်သည်။ ဒွိ သဘော ဆောင် နေသော အနက်အဓိပ္ပါယ်များရှိနေပြီး တိုင်စဉ်မှားခြင်း၊ အသားအရောင် ဖြူခြင်းများ ရှိလျှင် အိမ်ထောင်ရေး၊ စီးပွားရေးကံ မကောင်းနိုင်ပေ။ တနင်္လာဂြိုဟ်သည် မရဏ၊ ဘင်္ဂ ဖြစ်ပါက စီးပွားရေးကံ မကောင်းသောကြောင့် အိမ်ထောင်ရေးပါ ပျက်စီး ရတတ်သည်။ တိုင်စဉ်မှန်ခြင်း၊ နာမည်တစ်ခုလုံးသည် ငြိမ်းချမ်းသာယာသော သဘောကို ဆောင်နေခြင်း၊ အသားအရောင် လတ်ခြင်း၊ ညိုခြင်းရှိလျှင် ကံကောင်း နိုင်ပါသေးသည်။ ယောင်္ကျား နာမည်ထက် မိန်းမနာမည်များတွင် ပိုမို အပြစ်ပြု တတ်သည်။
ငွေ
ယခုခေတ်တွင် မှည့်ခေါ်မှု နည်းပါးသွားလေသည်။ အသားလတ်ခြင်း ညိုခြင်းကို နှစ်သက်၏။ တွဲဖက်အက္ခရာများကောင်းခြင်း၊ တိုင်စဉ်မှန်ခြင်း၊ ဣဋ္ဌအမည်ဖြစ်ခြင်း စသော အချက်များ ပြည့်စုံလျှင် တည်တည်ငြိမ်ငြိမ် နှင့် အကျိုးပေးထက်သန်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှားပြီး အနိဋ္ဌ အမည်ဖြစ်ပါက အသက်ကြီးပိုင်းရောက်မှ ဆင်းရဲဒုက္ခရောက်ရတတ်သည်။ အိုဇာတာ ညံ့တတ်သည်။
.
တနင်္လာဂြိုဟ်တွဲလုံးအမည်များ
.
ကဗျာ
နာမည်၏ အဓိပ္ပါယ်အတိုင်း ကဗျာဆန်လွန်းသောနာမည်ဖြစ်ပြီး အမျိုးသမီးနာမည် သက်သက်ဖြစ်လေသည်။ အနုပညာနာမည်တစ်ခု အဖြစ်သာ သင့်တော်ပြီး၊ အသိပညာရှင်၊ အတတ်ပညာရှင် နာမည်မျိုးနှင့်မသင့်တော်ပေ။ အသားအရောင် ဖြူဝင်းမှ အကျိုးပေး ကောင်းတတ်သည်။ စိတ်ကူးယဉ် ဆန်လွန်းသော သဘောထား မျိုး ရှိတတ်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိ တွင်ရှိနေပါက အိမ်ထောင်ရေး ကံကောင်းရန် မသေချာပေ။
ကလျာ
အတော်အတန် မှည့်ခေါ်မှုများသော နာမည်မျိုးဖြစ်ပြီး၊ မိန်းမ အလွန်ဆန်သော နာမည်ဖြစ်သည်။ ဗျုပ္ပတ်ကောင်းသည်။ အသားအရောင် ဖြူ၊ လတ်ပါက အကျိုးပေး တည်ငြိမ်သည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက ဘဝကံကောင်းမည်။ အိမ်ထောင်ရေး သုခ၊ စီးပွားရေးသုခ ပြည့်စုံနိုင်သော နာမည်တစ်ခုဖြစ်သည်။
ကေသီ
ထိုနာမည်သည်လည်း အမျိုးသမီးနာမည်အဖြစ် အတော်အတန် မှည့်ခေါ်လေ့ ရှိကြသည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက အကျိုးပေးကောင်းနိုင်ပါသည်။ အသားအရောင် အလွန်မရွေးလှပါ။ သို့သော် တိုင်စဉ်မှားပြီး၊ အင်္ဂါဂြိုဟ်အနေ မကောင်းပါက နီးစပ်သူများနှင့် ငြိစွန်းလွယ်ခြင်း၊ မလွတ်လပ်သူများနှင့် တွေ့ဆုံ ရခြင်း၊ အချစ်ရေးရှုပ်ထွေးသည်ဟု နာမည်ပျက်ခြင်းများ ရှိတတ်သည်။
ကေသရီ
ဗျုပ္ပတ်အတန်ငယ်မြင့်မားသောကြောင့် သတိထားရမည့် နာမည်တစ်ခု ဖြစ်သည်။ ထိုနာမည်ကို မှည့်လျှင် ဥပဓိရုပ်မြင့်မားခြင်း၊ အသားအရေ ကောင်းခြင်းများရှိရမည့် အပြင် မိမိမွေးဖွားလာစဉ်၌ မိဘများ၏ စီးပွားရေး အခြေအနေနှင့် ဂုဏ်ဒြပ်တို့သည် အထက်တန်းကျသော အခြေအနေမျိုးတွင် ရှိသင့်သည်။ သို့မဟုတ်ပါက ဗျုပ္ပတ်လွန်သည့်ဖက်သို့ ရောက်သွားတတ် လေသည်။ ကျွမ်းကျင်သော ဆရာသမားများ၏ နည်းစနစ်ကို ခံယူပြီးမှသာ မှည့်သင့်သော နာမည်မျိုးဖြစ်သည်။
ကံ့ကော်
ပန်းနာမည်မျိုးဖြစ်ပြီး ပန်းတို့၏ သဘာဝအတိုင်း လူအများ၏ ချစ်ခင် မြတ်နိုးမှုကို ခံရတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်း ရှိရမည်။ တွဲဖက်နေသော နာမည်များသည် ဗျုပ္ပတ်ကောင်းပါက ဘဝတွင် အေးအေးချမ်းချမ်းနှင့် အကျိုးပေး နိုင်သည်။ သို့သော် ထိပ်ဆုံးသို့ ရောက်ရန် ခက်ခဲသည်။ ရည်မှန်းချက် ကြီးလွန်းသူ များနှင့် မသင့်တော်သော နာမည်မျိုး ဖြစ်သည်။ ဘဝကို အေးအေးချမ်းချမ်းနေလို သူများနှင့်မူ သင့်တော်မှုရှိသော နာမည်တစ်ခုဖြစ်သည်။
ကြာညို
ပန်းနာမည်ပင်ဖြစ်သော်လည်း ဗျုပ္ပတ်မကောင်းပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးမှု၊ နာမည်ပျက်မှုများ ဖြစ်စေနိုင်သောနာမည် ဖြစ်သည်။ “က”သည် အဖြူရောင်အက္ခရာ ဖြစ်သော်လည်း အသားအရောင် လတ်၊ ညို မှသင့်တော်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိများတွင် ရှိပါက အိမ်ထောင်ဆက် များတတ်သည်။
ကြေးမုံ
လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရတတ်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှန် ဣဋ္ဌအမည်ဖြစ်ပါက ဘဝကံ ကောင်းတတ်ပြီး အိမ်ထောင်ဖက်ကောင်း ရတတ်သည်။ အိမ်ထောင်ရေး အကျိုးပြုမှုကို ရရှိခံစားရတတ်သည်။
ကြည်ဖြူ
ပါဝင်သောသရများသည် သရကောင်းများဖြစ်ပြီး၊ အနက်အဓိပ္ပါယ် အလွန်ကောင်း သော နာမည်ကောင်းတစ်ခုဖြစ်သည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက ဘဝတွင် အကျိုးပေးကောင်းမှု၊ ကံကောင်းမှုများကို ဧကန် ရရှိနိုင်မည်။ တည်တည်ငြိမ်ငြိမ်နှင့် အကျိုးပေးမည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ နှင့် စနေဂြိုဟ်များဖြစ်ပါက အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်နိုင်သည်။ အိမ်ထောင်ဖက်၏ ယုယကြင်နာမှုကို ခံစားရတတ်သည်။
ကြယ်စင်
ယခုခေတ်တွင်မှ မှည့်ခေါ်မှုများလာသော နာမည်တစ်ခုဖြစ်သည်။ သက်မဲ့အရာဝတ္တု နှင့် နှိုင်းယှဉ်သောသဘောရှိ၍ အချို့သောပညာရှင်များ မနှစ်သက်ကြပေ။ စာရေးသူ၏ အလိုအရ တိုင်စင်မှန်ပြီး ဣဋ္ဌ အမည်ဖြစ်လျှင် အမည်ကောင်း တစ်ခု ဖြစ်ပါသည်။ “ကြယ်” တို့သည် သက်မဲ့အရာများဖြစ်သော်လည်း လူအများက နှစ်သက် မြတ်နိုးခြင်း၊ အဓွန့်ရှည်ကြာခြင်းသဘောရှိ၍ ဗျုပ္ပတ်ကောင်းပင် ဖြစ်ပါ သည်။ ပါဝင်သောသရများအရ စီးပွားရေးကံ၊ အိမ်ထောင်ရေးကံ မညံ့သော နာမည်တစ်ခု ဖြစ်ပါသည်။ လူအများနှင့် ဆက်ဆံရသော လုပ်ငန်းများဖြင့် အောင် မြင်ခြင်း၊ အသိပညာ အတတ်ပညာတစ်ခုခု၌ ထူးချွန်တတ်ခြင်း၊ နာမည်ကျော်ကြား ခြင်းများကို ဖြစ်စေနိုင်ပါသည်။
ကျော်စွာ
ယောင်္ကျားပီသသော နာမည်တစ်ခုဖြစ်သည်။ ရဲရင့်ခြင်းပြီး တည်ကြည်လေးနက် သော စိတ်ထားများကို ဖြစ်ပေါ်စေနိုင်သည်။ အကြီးအကဲ ဆရာသမားကောင်းများ နှင့် ကြုံဆုံရတတ်ပြီး ထိုအထောက်အပံ့ကြောင့် ဘဝကံမြင့်မားတတ်သည်။ အသာြး ဖြူပြီး ဥပတိရုပ်ကောင်းမွန်သူများတွင် ပိုမို၍ အကျိုးပေးတတ်သည်။ တိုင်စဉ်မှန် ပါက ပြောပလောက်သော အိမ်ထောင်ရေးအပြစ် မရှိတတ်ပါ။ နာမည်ကောင်း တစ်ခု ဖြစ်ပေသည်။
ကျော်ဇော
နာမည်၏ ဗျုပ္ပတ်အတိုင်းပင် ကျော်ဇောထင်ရှားတတ်သော နာမည်မျိုးဖြစ်သည်။ ကိုယ်စွမ်းကိုယ်စ ရှိသော နာမည်မျိုးဖြစ်ပြီး ထူးချွန်ထက်မြက်တတ်သည်။ မိမိ မွေးဖွား စဉ် ဘဝထက် မြင့်မားသော ဘဝများသို့ ရောက်ရှိတတ်သည်။ ခက်ခဲကြီးမားသော တာဝန်များကို ထမ်းဆောင်ရတတ်သည်။ လုပ်ရည်ကိုင်ရည်ကောင်းသောကြောင့် ဆရာသမားအကြီးအကဲများ၏ သဘောကျမှုကို ခံရတတ်သည်။ သို့သော် တိုင်စဉ် မှားခြင်း၊ ပက္ခတ်မိခြင်းများ ရှိပါက အမြင့်သို့ရောက်ပြီးမှ ပြန်၍ကျဆင်းတတ်သည်ကို သတိပြုရမည်။ ယေဘူယျအားဖြင့် နာမည်ကောင်းတစ်ခုဟု ဆိုရပေမည်။
ခရေ
ပန်းနာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် အကျိုးပေး ကောင်းနိုင် ပါသည်။ သိမ်မွေ့နူးညံ့သော စိတ်ထား ရှိမည်။ ထိုသို့ မဟုတ်ပါက ကြမ်းတမ်းသော စိတ်ထားနှင့် အပြောအဆိုများရှိလျှင် ဆင်းရဲဒုက္ခ တွေ့တတ်ပါသည်။ ဗေဒင် စည်းကမ်းနှင့် ညီညွတ်ပါမှ အကျိုးပေးထက်သန်မည့် နာမည်မျိုးဖြစ်ပါသည်။
ခတ္တာ
ပန်းနာမည်ပင်ဖြစ်သော်လည်း ပါဝင်သောသရများအရ အကျိုးပေးမှု အားနည်း သော နာမည်မျိုးဖြစ်သည်။ ဘဝတွင် အခက်အခဲများနှင့် မကြာခဏ ကြုံရတတ် သည်။ ဘဝတွင် အောင်မြင်ကြီးပွားမှုရရှိရန် အလွန်တရာ ကြိုးစားအားထုတ်ရသော နာမည်မျိုး ဖြစ်သည်။
ခေမာ
ဗျုပ္ပတ်ကောင်းသည်။ ဘေးမရှိ၊ ရန်မရှိခြင်း အနက်အဓိပ္ပါယ်ရှိသည်။ နာမည်ကောင်း တစ်ခုဟု ထင်ရသည်။ သို့သော် လက်တွေ့ဘဝတွင် အိမ်ထောင်ရေးကံချို့ယွင်း တတ်သည်။ ဆုံးဖြတ်ချက် လွဲမှားမှုကြောင့် အမှားတွေ့ရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှုများတတ်သည်။
ချမ်းမြေ့
အနက်အဓိပ္ပါယ် ကောင်းပြီး အေးချမ်းသာယာစေနိုင်သော သဘောရှိသည်။ အသားအရောင် အလွန်အမင်းမရွေးသော နာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် ဘဝသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သွားနိုင်မည်။ အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်စေမည်။ အိမ်ထောင်ရေးကံပါ ကောင်းနိုင်သော နာမည်ဖြစ်သည်။
ချမ်းသာ
ဗျုပ္ပတ်အလွန်ကောင်းသော်လည်း တိုင်စဉ်မှန်ပြီး ဣဋ္ဌဖြစ်မှ ဗျုပ္ပတ်အတိုင်း အကျိုး ပေးပါသည်။ တိုင်စဉ် ဇောက်ထိုးဖြစ်ပြီး အနိဋ္ဌ အမည်ဖြစ်ပါက “မောင်ချမ်းသာ” အမည်မှည့်ခေါ်ထားပြီး “မောင်ဆင်းရဲ” ဖြစ်နေတတ်ပါသည်။ ဗေဒင်စည်းကမ်းနှင့် ညီညွတ်လျှင် အကျိုးပေးနိုင်ပါသည်။
ချယ်ရီ
မိန်းကလေးနာမည်ဖြစ်ပြီး အသားဖြူဝင်းပြီး လှပနွဲ့နှောင်းသော အမျိုးသမီးများတွင် အကျိုးပေးသည်။ အသားအရောင် ညိုမည်းခြင်းကို လုံးဝမနှစ်သက်ပါ။ ထိုနာမည် ပိုင်ရှင်များတွင် ပါးချိုင့် ပါလျှင် အလွန်ကံကောင်းတတ်သည်။ နာမည် အဖျားလုံး သည် သောကြာ၊ အင်္ဂါ၊ စနေဂြိုဟ်များဖြစ်ခဲ့လျှင် အလွန် အကျိုးပေးထက်သန်သော တတ်ပေသည်။ နာမည်ကောင်း တစ်ခုဖြစ်သည်။
ခွာညို
ပန်းနာမည်ဖြစ်ပြီး၊ အသားအရောင် မရွေးပါ။ အသားအရောင် ဖြူသူများတွင် သာမက အသားအရောင် ညိုသူများ၌ပါ မှည့်နိုင်သည်။ တာဝန်ဝတ္တရား ကြီးမား တတ်သည်။ ရည်မှန်းချက်ကြီးမားတတ်သည်။ ခွာညိုနှစ်လုံးတည်းမှည့်လျှင် အကျိုးပေး အလွန်အမင်း မထက်သန်တတ်ပါ။ နောက်မှ ဣဋ္ဌဖြစ်ကြသော သောကြာ၊ တနင်္လာ၊ အင်္ဂါဂြိုဟ်များဖြင့် ပိတ်မှ အိမ်ထောင်ရေး ကံကောင်း နိုင်သည်။ ၄င်း အင်္ဂါဂြိုဟ်သည် “ည” အက္ခရာ မဖြစ်စေရချေ။ “ည” အက္ခရာ ဖြစ်နေပါလျှင် အိမ်ထောင်ဆက် များတတ်သည်။
ဂန္ဓမာ
ပန်းနာမည်ဖြစ်သော်လည်း နူးညံ့သိမ်မွေ့မှုနည်းတတ်ပြီး၊ ထက်မြက်သော နာမည် တစ်ခု ဖြစ်သည်။ အမျိုးသမီးများတွင် အိမ်ထောင်ရေး အပြစ် ပြုနိုင်သော နာမည် ဖြစ်သည်။ အင်္ဂါဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏ ဋ္ဌာနများ နှင့် အဓိပတိ နေရာတွင်ရှိလျှင် မိမိ၏ အိမ်ထောင်ဖက်သည် အိမ်ထောင်ရေး ဖောက်ပြန် တတ်သည်။ စီးပွားရေးကံ အလွန်အမင်း မနိမ့်ကျပါ။
နာမည်တစ်ခုတွင် ဗျုပ္ပတ်သည် အလွန်အရေးကြီးသည်။ အခြားသော အရေးကြီးသည့်အချက်များဖြစ်သည့် “တိုင်စဉ် ၊ ဝဏ္ဏ ၊ ဒီဃရဿ ၊ ဖို/မ အက္ခရာ ၊ ပက္ခတ် ၊ ဣဋ္ဌ/အနိဋ္ဌ ဋ္ဌာနများ” စသည့် အချက်များကို ပစ်ပယ်၍ မရသော်လည်း ပိုမိုအရေးကြီး သည်မှာ ဗျုပ္ပတ် ဖြစ်သည်။
ဗျုပ္ပတ်ဆိုသည်မှာ နာမည်တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ပင် ဖြစ်သည်။ “ကျော်မျိုးထက်” ဟုဆိုလျှင် ဆွေမျိုးသားချင်း အားလုံးထက် ထင်ပေါ် ကျော်ဇောမည့်သူဟု အဓိပ္ပါယ်ရသည်။ “စွမ်းရည်ပိုင်” ဟုဆိုလျှင် လူသား တို့တွင် ရှိထိုက်သော အရည်အချင်း၊ အစွမ်းသတ္တိ များကို ပိုင်ဆိုင်သူဟု အဓိပ္ပါယ် ရလေသည်။ “ပွင့်စံပယ်ဖြူ” ဟုဆိုလျှင် စံပယ်ပန်းတစ်ပွင့် ကဲ့သို့ လှပသောသူဟု အဓိပ္ပါယ်ရသည်။
ထိုသို့နာမည်တို့တွင် ဆိုင်ရာဗျုပ္ပတ်အသီးသီးရှိသော်လည်း ဗျုပ္ပတ် ကောင်းလျှင် ပြီးရောဟု မှည့်ချင်တိုင်း မှည့်၍ မရချေ။ ဗျုပ္ပတ်သည် နာမည်ပိုင်ရှင်၏ စိတ်နေသဘောထား၊ အကျင့်စရိုက်၊ ရုပ်ရည်ရူပကာ၊ အသားအရောင်၊ အရပ် အနိမ့်/အမြင့်တို့နှင့် သဟဇာတဖြစ်နေရမည်။ ထိုသို့ သဟဇာတမဖြစ်လျှင် ဗျုပ္ပတ် ကောင်းသော်လည်း အကျိုးမဖြစ်ထွန်း နိုင်ချေ။ အကျိုးမဖြစ်ထွန်းသည့်အပြင် အဆိုးကိုပါ ဆင့်ကဲရရှိလာနိုင် သေးသည်။
ထို့ကြောင့် ဗျုပ္ပတ်ကောင်းသော နာမည်ကောင်းတစ်ခုကို ရရှိရန်မှာ နာမည် တစ်လုံးချင်းစီ၌ ရှိနေသော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကို သိမှ ဖြစ်ပေမည်။ ထိုသို့ နာမည်တစ်ခုချင်းစီကို သိမှ နာမည် နှစ်လုံး၊ သုံးလုံး၊ လေးလုံး စသည်ဖြင့် ဖွဲ့စည်းပြီး ပေးနိုင်လေသည်။
ထိုသို့ နာမည်တစ်လုံးစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကိုသိရန် အောက်ပါ အချက်အလက်တို့ကိုလည်း ကနဦးသိထားရန် လိုအပ်လေသည်။ သို့မှ နာမည်တို့ကို အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြသောအခါ အလွယ်တကူ သဘောပေါက် နိုင်မည် ဖြစ်သည်။ ဤအချက်အလက်များကို မသိလျှင် ရှေ့လာမည့် အခန်းများ၏ ဖွင့်ဆိုချက်များကို မရှင်းမလင်း ဖြစ်နေလိမ့်မည်။ သေချာစွာ လေ့လာကြည့်ကြပါစို့။
ဗျည်းနှင့်သရ
ဗျည်းဆိုသည်မှာ “က” မှ “အ” အထိသော အက္ခရာတို့ပင် ဖြစ်သည်။
သရဆိုသည်မှာ ထိုအက္ခရာ ဗျည်းတို့ကို အသံအမျိုးမျိုး ဖြစ်ပေါ် လာအောင် ဆောင်ရွက်ပေးရသော သင်္ကေတများ ဖြစ်လေသည်။
ဗျည်းအက္ခရာတစ်ခုသည် သူချည်းသက်သက် အဓိပ္ပါယ်ထွက်ခြင်းမျိုး အလွန် နည်းပါးပါသည်။ ထောင်ပေါင်း များစွာသော စကားလုံးဝေါဟာရများ ဖြစ်လာစေရန် အတွက်မူ သရများနှင့် တွဲဖက်မှ ရပေလိမ့်မည်။
ထို့ကြောင့် သရများသည် ဗျည်းများထက် ပိုမို အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ နာမည်တို့၏ အဓိပ္ပါယ်များ တွင်လည်း ဗျည်းကြောင့်ထက် သရကြောင့်သာ ကောင်းခြင်း၊ ဆိုးခြင်းများ ဖြစ်နေရသည်ကို တွေ့ရ လေသည်။ သို့ဖြစ်၍ ဗျည်းနှင့်သရတို့ကို အကျယ်လေ့လာ ကြည့်ကြပါစို့။
ဗျည်း
ဗျည်း (၃၃) လုံးတွင် “ပါပ ၊ သောမ” ဟူ၍ ရှိသည်။ “အရောင် အဆင်း” ဟူ၍ရှိသည်။ “ဖို/မ(ဒွေးဒဟ)” အက္ခရာဟူ၍ ရှိသည်။ အောက်ပါ ဇယားတွင် လေ့လာကြည့်ပါ။

ပါမ ၊ သောမ အက္ခရာ
“ပါပ ၊ သောမ” အက္ခရာများကို သိလျှင် နာမည်တစ်ခု၏ နာမည် အရင်းလုံးနှင့် အဖျားလုံးတို့၏ “ပါပ ၊ သောမ” များကို ခွဲခြားကြည့်ပါစို့။
ဥပမာ - ကျော်အောင် (နာမည်အရင်း သောမ၊ နာမည်အဖျား ပါပ)
ဇော်မြင့် (နာမည်အရင်း ပါပ၊ နာမည်အဖျား သောမ)
စုစုနွယ် (နာမည်အရင်း ပါပ၊ နာမည်အဖျား ပါပ)
ဖြူဖြူဝင်း (နာမည်အရင်း သောမ၊ နာမည်အဖျား သောမ)
ပါပဂြိုဟ်အမည်များသည် -
ရဲရင့်ခြင်း၊ ထက်မြက်ခြင်း၊ သွက်လက် ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ တစ်ဇွတ်ထိုးဆန်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း များကို ဖြစ်စေသည်။
သောမဂြိုဟ်အမည်များသည် -
အေးဆေးခြင်း၊ တည်ငြိမ်ခြင်း၊ အပြောင်း အလဲနှေးကွေးခြင်း၊ ဆင်ခြင်တိုင်းထွာတတ်ခြင်း၊ စိတ်ဓာတ်နူးညံ့ပျော့ပြောင်း ခြင်းများကို ဖြစ်စေသည်။
အက္ခရာတို့၏ အရောင်

အထက်ပါဇယားအရ နာမည်တစ်ခု၏အရင်းလုံးနှင့် အဖျားလုံး များကို အရောင် ခွဲခြားလေ့လာ ကြည့်ကြပါစို့။
ဥပမာ - ကျော်ဆန်း (နာမည်အရင်း အဖြူ၊ နာမည်အဖျား အဝါ)
ဌေးဝင်း (နာမည်အရင်း အဝါ၊ နာမည်အဖျား အမည်း)
ဇော်တင် (နာမည်အရင်း အလတ်၊ နာမည်အဖျား အဖြူ)
စုမွန် (နာမည်အရင်း အဖြူ၊ နာမည်အဖျား အမည်း)
ဝင်းကျော် (နာမည်အရင်း အမည်း၊ နာမည်အဖျား အဖြူ)
ယေဘူယျအားဖြင့် အသားအရောင်ဖြူဝါလျှင် ဖြူဝါရောင် အက္ခရာများ ဖြစ်ကြသော (က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ဌ၊ ယ၊ ရ၊ သ) များဖြင့် မှည့်ရ မည်ဖြစ်သည်။
အသားအရောင်လတ်လျှင် (ဂ၊ ဇ၊ ဒ၊ ဗ၊ ဠ၊ အ) အက္ခရာများဖြင့် အမည်မှည့်ရမည်ဖြစ်သည်။
အသားအရောင် ညိုမည်းလျှင် (ဃ၊ င၊ ဈ၊ ည၊ ဓ၊ န၊ ဏ၊ ဘ၊ မ၊ လ၊ ဝ၊ ဟ) အက္ခရာများဖြင့် မှည့်ခေါ် ရမည်ဖြစ်သည်။
သို့သော် အထက်ပါ ဥပဒေသမှာ ယေဘူယျသဘော ဆန်လွန်းပြီး လက်တွေ့တွင်မူ ကွဲပြားချက်များရှိတတ်သည်။
အမည်းရောင် အက္ခရာ ပင်ဖြစ်သော်လည်း အဖြူရောင်ဗျုပ္ပတ်ဖြစ်နေ လျှင် အသားဖြူသူများ၌လည်း မှည့်ခေါ်နိုင်သည်သာ ဖြစ်၏။ နောက်ပိုင်း အခန်းများတွင် အသေးစိတ် ရှင်းလင်းတင်ပြပါဦးမည်။ ဖို/မ၊ ဒွေးဒေဟ အက္ခရာများအကြောင်းကို ဇယားပုံစံဖြင့် အောက်တွင် ပြထားပါသည်။
ဖို/မ(ဒွေးဒဟ) အက္ခရာ

အထက်ပါဇယားအရ နာမည်တစ်ခု၏ ဖို/မ(ဒွေးဒဟ) အက္ခရာများကို ခွဲခြား လေ့လာကြည့်ကြပါစို့။
ဥပမာ - ကျော်ဇင် (နာမည်အရင်း ဖို ၊ နာမည်အဖျား ဖို)
ဆန်းလွင် (နာမည်အရင်း ဖို ၊ နာမည်အဖျား မ)
ထူးကျော် (နာမည်အရင်း မ ၊ နာမည်အဖျား ဖို)
တင်တင်မိုး (နာမည်အရင်း ဖို ၊ နာမည်အဖျား ဒွေးဒဟ)
ဖြူဖြူမွန် (နာမည်အရင်း မ ၊ နာမည်အဖျား ဒွေးဒဟ)
အထက်ပါ ဖို/မ အက္ခရာများအပြင် “သံယုဂ်အက္ခရာ” များ နှင့် “မုဒ္ဓကာရက” အက္ခရာ များကိုလည်း ထပ်မံခွဲခြား ထားသေးသည်။
သံယုဂ်အက္ခရာများမှာ - (ယ၊ ရ၊ ဝ၊ ဟ) များဖြစ်ပြီး၊ မုဒ္ဓကာရက များမှာ (အ၊ ဠ) များဖြစ်ကြပါသည်။
= ဖိုအက္ခရာများသည် - ယောင်္ကျားဆန်ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ လျှင်မြန်ခြင်း၊ ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သံယောဇဉ် နည်းခြင်းများကို ဖြစ်စေနိုင်သည်။
= မအက္ခရာများသည် - မိန်းမဆန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှေးကွေးခြင်း၊ သတ္တိနည်းခြင်း၊ မပြတ်သားခြင်း၊ သံယောဇဉ် ကြီးခြင်းများကို ဖြစ်စေနိုင်သည်။
= ဒွေးဒဟအက္ခရာများသည် - ဒွိဟဆန်ခြင်း၊ တွေဝေခြင်း၊ သံယောဇဉ် နည်းခြင်း၊ အချစ်ရေးအိမ်ထောင်ရေး ရှုတ်ထွေး ခြင်း၊ မပြတ်သားခြင်း၊ အတိုက်အခံပြုတတ်ခြင်း များကို ဖြစ်စေနိုင်သည်။
= သံယုဂ်အက္ခရာများသည် - အပေါင်းအသင်းများခြင်း၊ လူမှုဆက်ဆံရေးကောင်းခြင်း၊ အပြောအဆိုလိမ္မာပါးနပ်ခြင်း၊ အစွဲအလမ်းကြီးခြင်းများကို ဖြစ်စေနိုင်သည်။
မုဒ္ဓကာရကအက္ခရာများသည် - အေးဆေးခြင်း၊ အပေါင်းအသင်း နည်း ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တစ်ယူသန်စိတ်ထားရှိခြင်း၊ သံယောဇဉ် နည်းခြင်း များကို ဖြစ်စေနိုင်သည်။
သရ
သရ များကို ဗေဒင်ရှုထောင့်မှ ပုံစံ (၁၅) မျိုး ခွဲခြားနိုင်သည်။ ထိုသရတို့မှာ -
(၁) သေဝထိုး ေ-
(၂) ရရစ်ြ-
(၃) ယပင့် -ျ
(၄) လုံးကြီးတင် -ိ
(၅) လုံးကြီးတင်ဆံခတ် -ီ
(၆) သေးသေးတင် -ံ
(၇) အောက်မြစ် -့
(၈) တစ်ချောင်းငင် -ု
(၉) နှစ်ချောင်းငင် -ူ
(၁၀) ဟထိုး -ှ
(၁၁) ဝဆွဲ -ွ
(၁၂) ရေးချ -ါ / -ာ
(၁၃) နောက်ပစ် -ဲ
(၁၄) ဝစ္စပေါက် -း
(၁၅) အသတ် -် တို့ ဖြစ်ကြပါသည်။
သရများကို “ကောင်းသောသရ ၊ အလယ်အလတ်သရ နှင့် ညံ့သော သရ” ဟူ၍ (၃) မျိုး ခွဲခြားတွေ့ရှိရပါသည်။
ကောင်းသောသရများ
ရရစ်၊ ယပင့်၊ သဝေထိုး၊ ဝစ္စပေါက်၊ နှစ်ချောင်းငင်၊ “င”အသတ် (င်)၊ “န” အသတ် (န်) များသည် ကောင်းသော သရများအဖြစ် တွေ့ရှိ ရသည်။
အလယ်အလတ်သရများ
လုံးကြီးတင်၊ တစ်ချောင်းငင်၊ နောက်ပစ်၊ “က” အသတ် (က်)၊ “တ” အသတ် (တ်)၊ “မ” အသတ် (မ်)၊ “လ” အသတ် (လ်) များသည် အလယ် အလတ်သရများ ဖြစ်ကြသည်။
ညံ့သောသရများ
လုံးကြီးတင်ဆံခတ်၊ သေးသေးတင်၊ အောက်မြစ်၊ ဝဆွဲ၊ ဟထိုး၊ ရေးချ၊ “စ” အသတ် (စ်) များသည် ဆိုးသော သရများ ဖြစ်ကြသည်။
ကောင်းသောသရတို့၏အဓိပ္ပါယ်များ
ရရစ် – သံယောဇဉ်ကြီးမားသည်။ မိသားစုစိတ်ဓါတ်ရှိသည်။ ကာကွယ် စောင့်ရှောက်တတ်သည်။ ကိုယ့်အား ကိုယ်ကိုးလိုစိတ် ရှိသည်။
ယပင့် – ထင်ပေါ်ကျော်ကြား တတ်သည်။ ကူညီမည့်သူ များ သည်။ မှီခိုလိုစိတ်ရှိသည်။
သဝေထိုး- ဦးစီးဦးဆောင်မှုပြုလိုသည်။ ညွှန်ကြားစီမံမှု ကောင်း သည်။ ကျော်ကြားတတ်သည်။ ငွေကြေး ရလွယ် တတ်သည်။
ဝစ္စပေါက်- တိုးတက်ပွားများတတ်သည်။ ရေရှည်ကြည့်တတ် သည်။ ဘဝကို တိုးတက်မြင့်မားသွားစေနိုင်သည်။ အိမ်ထောင်ဆက်များနိုင်သည်။
“င” အသတ်- ကိုယ်စွမ်းကိုယ်စရှိသည်။ ယုံကြည်မှု များသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဆက်ဆံ တတ်သည်။ အသိဉာဏ် မြင့်မားသည်။
“န” အသတ်- ထွန်းပေါက်တတ်သည်။ ခေါင်းမာတတ်သည်။ တစ်ဇွတ်ထိုး ဆန်သော်လည်း အောင်မြင်လွယ် တတ်သည်။
နှစ်ချောင်းငင်- ကူညီမည့်သူများတတ်သည်။ အိမ်ထောင်ဖက် ကောင်း ရတတ်သည်။ မိမိမွေးဖွားစဉ် ဘဝထက် မြင့်မား တိုးတက် တတ်သည်။
အလယ်အလတ်သရတို့၏အဓိပ္ပါယ်များ
လုံးကြီးတင် – တာဝန်ဝတ္တရားကြီးမားတတ်သည်။ အကြီးအကဲ ဖြစ်နိုင်သည်။ ပင်ပန်းတတ်သည်။
တစ်ချောင်းငင် – စိတ်ကူးကောင်းသည်။ အတွေးအခေါ် ကောင်းတတ် သည်။ အချိန်တန်လျှင် ကူညီမည့်သူရှိသည်။
နောက်ပစ် – ကျော်ကြားတတ်သည်။ စိတ်လောကြီးတတ်သည်။ တစ်ဇွတ်ထိုးဆန်သည်။ နိမ့်/လျှော ကျဆင်းနိုင်သော အန္တရာယ်ရှိသည်။
“က” အသတ် – အောင်မြင်မှုရရန် ခက်ခဲတတ်သော်လည်း အောင် မြင်လျှင် သူတစ်ပါးလိုက်မမီ တတ်ပါ။
“တ” အသတ် – ဇွဲလုံ့လရှိမှ အောင်မြင်တတ်သည်။ စိတ်ကူးကောင်း သော်လည်း လက်တွေ့အားနည်း တတ်သည်။
“မ” အသတ် – ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်တတ်သည်။ အိမ် ထောင်ရေး ရှုတ်ထွေးတတ်သည်။
ညံ့သောသရတို့၏အဓိပ္ပါယ်များ
လုံးကြီးတင်ဆံခတ်- ခေါင်းမာတတ်သည်။ အိမ်ထောင်ရေးကံ မကောင်း တတ်ပါ။ အပြစ်ရှာတတ်သည်။
သေးသေးတင် – နာမည်ကျော်ကြားတတ်သော်လည်း မိမိ လုပ်သ လောက် မခံစားရတတ်ပါ။ ထိပ်ဆုံးသို့ ရောက်ရန် ခဲယဉ်းသည်။
အောက်မြစ် – စီးပွားရေးတွင် အိတ်ပေါက်နှင့်ဖားကောက်သလို ဖြစ်မည်။ အဆုံးအရှုံးများမည်။ အိုဇာတာ မကောင်း တတ်ပါ။
ဝဆွဲ – သူများ ခိုင်းစေမှုကို ခံရတတ်သည်။ ဘဝတွင် တက်လမ်းမရှိ တတ်ပါ။ မယူချင်သောတာဝန်များကို ယူနေရတတ်သည်။
ဟထိုး – အိမ်ထောင်ရေး ကံမကောင်းတတ်ပါ။ ပင်ပန်း ဆင်းရဲနိုင်သည်။ အိမ်ထောင်ဆက် များတတ်သည်။
ရေးချ – အတားအဆီးများတတ်သည်။ ဘဝတွင် အထီးကျန် ဖြစ်တတ်သည်။ အပေါင်းအသင်းများသော်လည်း မိတ်ဆွေကောင်း မရှိတတ်။
“စ” အသတ် – အပြောဆိုးတတ်သည်။ ပတ်ဝန်းကျင်နှင့် အဆင် မပြေတတ်ပါ။ တကိုယ်ကောင်း ဆန်တတ် သည်။
“ရ ၊ လ ၊ ဟ” အသတ်များသည် သူတို့နှင့် တွဲသော ဗျည်း များအပေါ်တွင်တည်၍ အဓိပ္ပါယ်ထွက်ရခြင်းကြောင့် အားပျော့သော သရများ ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး မထင်ရှားပါ။
သံတိုသံရှည်
ဗျည်းနှင့်သရတို့ ပေါင်းစပ်မိသောအခါ ဖြစ်ပေါ်လာသော အသံထွက်ပုံ စနစ်ပေါ်မူတည်၍ အသံတို၊ အသံရှည် များဟူ၍ ခွဲခြား ထားသေးသည်။
သံတိုသရများ
ရရစ် (မြ)၊ ယပင့် (ကျ)၊ လုံးကြီးတင် (မိ)၊ အောက်မြစ် (လဲ့)၊ တစ်ချောင်းငင် (စု)၊ ဟထိုး (လှ)၊ ဝဆွဲ (ပွ)၊ “က”အသတ် (ခက်)၊ “စ”အသတ် (ချစ်)၊ “တ”အသတ် (ထွတ်) တို့သည် အသံတိုသရများ ဖြစ်ကြသည်။
သံရှည်သရများ
သဝေထိုး (မေ)၊ လုံးကြီးတင်ဆံခတ် (မီ)၊ သေးသေးတင် (စံ)၊ နှစ်ချောင်းငင် (မူ)၊ ရေးချ (မာ)၊ နောက်ပစ် (ရဲ)၊ ဝစ္စပေါက် (မင်း)၊ “င”အသတ် (ခင်)၊ “ည”အသတ် (စည်)၊ “န”အသတ် (မွန်)၊ “ရ”အသတ် (မိုရ်)၊ “လ”အသတ် (ဗိုလ်) တို့သည် အသံရှည်သရများ ဖြစ်ကြသည်။
“သရ”တို့ကို အထက်ပါအတိုင်း အသံတို၊ အသံရှည် ခွဲခြားရခြင်း အကြောင်းမှာ ယေဘုယျအားဖြင့် - ဗျည်း သောမဂြိုဟ်ဖြစ်လျှင် အသံရှည်ဖြစ်မှ (ဒီဃရဿ) မှန်သည်။ အသံတိုဖြစ်လျှင် မှားသည်။
ဥပမာ - ကြာသပတေးဂြိုဟ်သည် သောမဖြစ်၍ (မင်း၊ မွန်) ဖြစ်လျှင် ဒီဃရဿ မှန်ပြီး၊ (မြ၊ မိ) ဖြစ်လျှင် မှားသည်ဟု ဆိုနိုင်သည်။
ထို့အတူ ဗျည်း ပါပဂြိုဟ်ဖြစ်လျှင် အသံတို ဖြစ်မှ (ဒီဃရဿ) မှန်သည်။ အသံရှည်ဖြစ်လျှင် မှားသည်။
ဥပမာ - အင်္ဂါဂြိုဟ်သည် ပါပ ဖြစ်၍ (စု၊ ဆု) ဖြစ်လျှင် ဒီဃရဿ မှန်ပြီး၊ (စံ၊ ဆန်း) ဖြစ်လျှင် ဒီဃရဿ မှားသည်ဟု ဆိုရမည်။
သို့သော်လည်း ဒီဃရဿပျက်ပြီး ဗျုပ္ပတ်မှာ ကောင်းပြန်လျှင်လည်း ဒီဃရဿ အကျိုးပေးမှုမှာ အားနည်း သွားပြန်သည်ကို တွေ့ရပြန်ပေသည်။
မှတ်ချက် ။ ။ အထက်ပါ “သရ”တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ယေဘူယျ ဆန်ပြီး၊ အချို့“သရ”များမှာ ဗျည်းတစ်လုံးနှင့် တွဲလိုက်သော အခါ အဓိပ္ပါယ်ပြောင်းသွားတတ်သည်မျိုးလည်း ရှိပါသည်။ ထို့ပြင် “သရ” နှစ်မျိုး၊ သုံးမျိုး တွဲလိုက်သောအခါ အကောင်းမှ အဆိုးသော် လည်းကောင်း၊ အဆိုးမှ အကောင်းသော် လည်းကောင်း ပြောင်းလဲ သွားနိုင်သည်ကိုလည်း သတိပြုရပေဦးမည်။
ဣဋ္ဌနှင့်အနိဋ္ဌ
နာမည်တစ်လုံးအား မဟာဘုတ်ခွင်အပေါ်တွင် မူတည်၍ ဣဋ္ဌနှင့်အနိဋ္ဌ ဟူ၍ ခွဲခြားနိုင်ပါသည်။ အထွန်း၊ သိုက်၊ ရာဇ နှင့် အဓိပတိ ဋ္ဌာနများသည် ဣဋ္ဌ ဋ္ဌာနများ ဖြစ်သည်။ ထိုဋ္ဌာနများ ပေါ်တွင် ရပ်တည်နေသော ဂြိုဟ်တို့နှင့် သက်ဆိုင်သော အက္ခရာများကို ဣဋ္ဌအက္ခရာများဟု သတ်မှတ် ပါသည်။ ထို့အတူ ပုတိ၊ ဘင်္ဂ၊ မရဏဋ္ဌာနများသည် အနိဋ္ဌ ဋ္ဌာနများ ဖြစ်သည်။ ထိုဋ္ဌာနများပေါ်တွင် ရပ်တည် နေသော ဂြိုဟ်တို့နှင့် သက်ဆိုင် သော အက္ခရာများကို အနိဋ္ဌ အက္ခရာများဟု သတ်မှတ်ပါသည်။ အောက်ပါ ပုံကိုကြည့်ပါ။

ဣဋ္ဌနှင့်အနိဋ္ဌ ဌာနများကို သိလျှင် ဆက်၍ (၁)ကြွင်း မဟာဘုတ်ခွင်တစ်ခုကိုကြည့်ကြပါစို့။

အထက်ပါ မဟာဘုတ်ခွင်အရ စနေ၊ အင်္ဂါ၊ သောကြာ နှင့် ကြာသပတေးဆိုင်ရာ အက္ခရာများသည် ဣဋ္ဌ အက္ခရာများဖြစ်ပြီး၊ တနင်္လာ၊ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးဆိုင်ရာ အက္ခရာများသည် အနိဋ္ဌ အက္ခရာများ ဖြစ်ကြသည်။
ထိုသို့ ဗျည်း၊ သရ၊ အသံတို၊ အသံရှည်၊ ဣဋ္ဌ၊ အနိဋ္ဌတို့ကို သိလျှင် ရှေ့ဆက်မည့် နာမည်တစ်လုံးစီတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက် များကို နားလည် သဘောပေါက်ရန် အခြေခံလုံလောက်ပြီဟု ယူဆမိ ပါသည်။
ဒေါက်တာတင်ဗိုလ်ဗိုလ် ဗေဒသုခုမ မှပြန်လည်မျှဝေပါသည်။