တနင်္လာအက္ခရာများနှင့်သက်ဆိုင်သောအမည်များ
.
က
ယခုခေတ်တွင် နာမည်မမှည့်ခေါ်တော့ပါ။ ရှေးယခင်ကမူ “မောင်က”၊ “မယ်က” စသည်ဖြင့် မှည့်လေ့ရှိကြသည်။ အသားအရောင် အဖြူ၊ အလတ် ကိုနှစ်သက်ပြီး၊ အသားညိုပါက ပင်ပန်းဆင်းရဲ တတ်သည်။
ကာ
မှည့်ခေါ်မှု အလွန်နည်းသော အမည်ဖြစ်သည်။ ဗျုပ္ပတ်သင့်၏။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်သည်။ အသားအရောင် ညိုသူများတွင် မှည့်ခေါ်ပါက အိမ်ထောင်ရေးကံ မကောင်းတတ်ချေ။
ကေ
အမျိုးသမီးနာမည်များတွင် အများဆုံးတွေ့ရသည်။ အသားအရောင်ဖြူခြင်း၊ လတ်ခြင်း ရှိလျှင် ကောင်းစားတတ်သည်။ အသားအရောင် ညိုလျှင် အိမ်ထောင်ရေး မကောင်းနိုင်ပါ။ နာမည်အရင်းလုံးသည် ဣဋ္ဌ ဖြစ်လျှင် စီးပွားရေး မတောင့်မတ၊ မကြောင့်မကျ နေရတတ်သည်။
ကဲ
မှည့်ခေါ်ခဲသော နာမည်မျိုးဖြစ်သော်လည်း မိန်းကလေးများတွင် အိမ်နာမည်အဖြစ် ခေါ်ဆိုနေကြရာမှ နာမည်တွင် သွားတတ်သည်။ ဗျုပ္ပတ်မကောင်းလှသော အမည်ဖြစ်ပြီး၊ ဆန်းတိုင် ဇောက်ထိုးဖြစ်ခြင်း၊ မဟာဘုတ်ပက္ခတ်မိခြင်းများ ရှိပါက အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးတတ်သည်။ နာမည်ပျက်တတ်သော အမည်မျိုး ဖြစ်သည်။
ကော်
ကိုယ်စွမ်းကိုယ်စရှိသော နာမည်မျိုးဖြစ်ပြီး၊ မိန်းကလေးများတွင် မှည့်ခေါ်ပါက ယောင်္ကျားဆန်သော စိတ်သဘောထားမျိုး ရှိတတ်သည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ၊ စနေနံများ ဖြစ်ပြီး၊ မဟာဘုတ်တွင် ဣဋ္ဌ ဋ္ဌာနတွင် ရှိပါက ကျော်ဇောထင်ရှားတတ်သည်။ စီးပွားရေးကံ ကောင်းတတ်သည်။
ကံ
အတော်အတင့်မှည့်ခေါ်မှုများသောနာမည်မျိုးဖြစ်သည်။ သာမန်အားဖြင့် ကြည့်လျှင် ဗျုပ္ပတ်ကောင်းသော အမည်တစ်ခု ဖြစ်သည်ဟု ထင်ရသော်လည်း လက်တွေ့အားဖြင့် ကံပါသော နာမည်ပိုင်ရှင်များသည် ဘဝတွင် ထင်သလောက် ကံမကောင်း တတ်ချေ။ ကံကောင်းစေရန်အလို့ငှာ ကံကောင်း၊ ကံထွန်း၊ ကံမြင့်၊ ကံဇော်၊ ကံညွန့် စသည်ဖြင့် “ကံ” ပါအောင် မှည့်ခေါ်ကြသော်လည်း ထိုအမည်ပိုင်ရှင် (၈၀) ရာခိုင်နှုန်း ခန့်မှာ ဘဝကံ ခေတတ်ကြသည်။ ဘဝ အနိမ့်အမြင့်၊ အတက်အကျ လောကဓံများကို အများဆုံး ခံရတတ်သည်။ ငယ်စဉ်ဘဝတွင် မိဘ၊ မောင်နှမသားချင်းများနှင့် ကွဲကွာ နေထိုင်ရတတ်ခြင်း၊ ပညာပြီးပြည့်စုံအောင် မသင်ရခြင်းများ ကြုံရတတ်သည်။ အသားအရောင်ဖြူလျှင် အတော်အတင့် ကံကောင်းနိုင်သော်လည်း အသား အရောင် ညိုမည်းလျှင် ပို၍ ကံခေတတ်သည်။ ဗျုပ္ပတ်ကောင်းသော်လည်း လက်တွေ့ မကောင်းသော ထူးဆန်းသည့် နာမည်တစ်ခု ဖြစ်သည်။ ဘဝတွင် အောင်မြင်မှု တသမတ်တည်းရရန် ခဲယဉ်းလှသည်။
ကို
ယောင်္ကျားများတွင်သာ မှည့်ခေါ်လေ့ရှိသော်လည်း ယခုခေတ်တွင် မိန်းကလေး နာမည်များတွင်လည်း နာမည်အဖျားလုံး (နောက်ဆုံးမှပိတ်၍) မှည့်ခေါ်လာကြ လေသည်။ ထိုနာမည်ပိုင်ရှင်မျိုးသည် တည်ငြိမ်အေးဆေးစွာ နေထိုင်လေ့ရှိသည်။ အသားအရောင် ညိုမည်းလွန်းခြင်းမှလွဲ၍ ဖြူ၊ ဝါ၊ လတ် အသားအရောင်များကို နှစ်သက်သည်။ တိုင်စဉ် မှန်ပြီး ဣဋ္ဌအမည် ဖြစ်ပါက ဘဝတွင် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ စိတ်နေစိတ်ထား တည်ကြည်ဖြောင့်မတ်ပြီး၊ သမ္မာအာဇီဝ လုပ်ငန်းများကို လုပ်ကိုင်နေသူ ဖြစ်ပါက ပိုမိုကြီးပွား အောင်မြင်တတ်သည်။ မင်းမှုထမ်း၊ အရာထမ်းလုပ်ငန်းများ၌ ပိုမိုအကျိုးပေးသည်။ ဆန်းတိုင်မှန်လျှင် အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှုကို အကျိုးပြုနိုင်သည်။
ကိုး
“ကို” နှင့်အဓိပ္ပါယ်အကျိုးပေးခြင်း ဆင်တူသော်လည်း ၄င်းနာမည်သည် လူမှု ဆက်ဆံရေးပိုင်းတွင် “ကို” နာမည်ပိုင်ရှင်များလောက် ပြေပြစ်ချောမွေ့ခြင်း မရှိတတ်ပေ။ လူများနှင့် ဆက်ဆံလုပ်ကိုင်ရသော လုပ်ငန်းများနှင့် မသင့်တော် လှချေ။ ဆန်းတိုင်ဇောက်ထိုးဖြစ်လျှင် အိမ်ထောင်ရေးကံ မကောင်းလှပါ။ အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို မခံစားရတတ်ပေ။
ကောက်
နာမည်၏ ဗျုပ္ပတ်မှာ မကောင်းလှချေ။ မြန်မာလူမျိုးများထက် တရုတ်လူမျိုးများ အမှည့်များသောအမည်မျိုးဖြစ်သည်။ အသားအရောင် ဖြူလျှင် စီးပွားရေးကံ မညံ့လှ သော်လည်း အသားအရောင် ညိုလျှင် စီးပွားရေး၊ အိမ်ထောင်ရေးကံမှာ မကောင်း လှပေ။ ပက္ခတ်မိပြီး တိုင်ဇောက်ထိုး ဖြစ်ပါက စုဆောင်းမိသော ငွေကြေးများ မကြာခဏ ဆုံးရှုံးတတ်သည်။ မင်းပြစ် မင်းဒဏ် သင့်တတ်သည်။ အိမ်ထောင် နှစ်ဆက်ဖြစ်တတ်သည်။
ကောင်း
မှည့်ခေါ်မှုများသော နာမည်တစ်ခုဖြစ်သည်။ ဗျုပ္ပတ်ကောင်း တစ်ခု ဖြစ်သော်လည်း ရှေ့နောက်တွဲဖက်နေသော စာလုံးများ ကောင်းပါမှ ကောင်းကျိုး ဧကန် ရရှိနိုင်သည်။ တွဲဖက်စာလုံးများ မကောင်းဘဲ တိုင်ဇောက်ထိုးဖြစ်ခြင်း၊ ပက္ခတ်မိခြင်းများရှိက ထင်သလောက် မကောင်းဘဲ ရှိတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို ပိုမို နှစ်သက်သော်လည်း အသားအရောင် ညိုသူများလည်း မှည့်ခေါ်နိုင်သည်။ အသားအရောင်ထက် တွဲလုံးကောင်းမှ ကောင်းနိုင်သောနာမည်မျိုး ဖြစ်သည်။ အချို့ကလေးများတွင် ငယ်စဉ်ဘဝ၌ ဆိုဆုံးမရန် ခက်ခဲတတ်သည်။
ကစ်
အိမ်နာမည်အဖြစ်မှည့်ခေါ်ရာမှ နာမည်တွင်သွားတတ်သော နာမည်မျိုး ဖြစ်၏။ ဗျုပ္ပတ်သဘောအရ အသားအရောင် ဖြူဝင်းပြီး ဝဖြိုးစိုပြေသော သဘောရှိ၍ အသားအရောင် ညိုပြီး ခန္ဓာသေးကွေးပါက ၄င်းအမည်မှည့်ခေါ်လျှင် ကျန်းမာရေး မကောင်းတတ်ချေ။ မှတ်ပုံတင်နာမည်အဖြစ် မှည့်ခေါ်ရန် မသင့်ပါ။
ကျား
ယခင်ခေတ်များ၌ မှည့်ခေါ်လေ့ရှိကြသော်လည်း ယခုခေတ်တွင် မမှည့်ခေါ်ကြ တော့ပေ။ အသားအရောင် ဖြူခြင်း ရုပ်ရည်ခန့်ညားခြင်းရှိက အကျိုးပေးနိုင်ပြီ အသားအရောင် ညိုပါက အိမ်ထောင်ရေး၊ စီးပွားရေးကံများ မကောင်းနိုင်ပါ။
ကျော်
တနင်္လာအက္ခရာများတွင် အများဆုံးမှည့်ခေါ်ကြသောအမည်မျိုး ဖြစ်ပြီး ယောင်္ကျား လေးများတွင် ပိုမိုမှည့်ခေါ်ကြသည်။ ဗျုပ္ပတ်အလွန်ကောင်းပြီး ကျော်ဇော ထင်ရှားမှု ကို ပေးစွမ်းနိုင်သည်။ အစွမ်းအစရှိသော နာမည်မျိုးဖြစ်သည်။ လူအများ၏ အကူအညီကို ရရှိနိုင်သည်။ ဘဝတွင် ကူညီထောက်ပံ့မည့် အထောက်အပံ့ကောင်း ရှိတတ်သည်။ နာမည်အရင်းလုံးသည် သောကြာ၊ စနေ၊ အင်္ဂါ ဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများ တွင် ရှိပါက အဆင့်တန်းမြင့်ပြီး ကြီးပွားချမ်းသာသောဘဝကို ရရှိနိုင်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ မိန်းကလေးနာမည်များတွင် “ကျော်” ပါခြင်း သည် ပွင့်လင်းရဲတင်းသော စိတ်နေစိတ်ထား ရှိစေပြီး၊ အချစ်ရေးကိစ္စများ ရှုတ်ထွေး တတ်သည်။ ယောင်္ကျားလေးနာမည်များတွင်လည်း “ကျော်”သည် အချစ်ရေး နှင့် အိမ်ထောင်ရေး ရှုတ်ထွေးမှုကို အနည်းနှင့်အများ ရှိစေသည်။ သို့သော်လည်း ဘဝကံ အလွန်ကောင်းနိုင်သော နာမည်ဖြစ်၍ မှည့်ခေါ်သင့်သည်။
ကျော့
မိန်းကလေးနာမည်များတွင်သာ မှည့်ခေါ်လေ့ရှိပြီး ယောင်္ကျားလေး နာမည်များတွင် မှည့်ခေါ်မှုနည်းသည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းရှိလျှင် ကောင်းကျိုးပေး တတ်သည်။ အသားအရောင် ညိုမည်းလျှင် ပင်ပန်းဆင်းရဲ တတ်သည်။ ငွေကြေး စုဆောင်းမိရန် ခက်ခဲတတ်ပြီး လောင်းကစားမှု လုံးဝအကျိုးမပြုသော နာမည် ဖြစ်သည်။ တိုင်စဉ်မှားလျှင် အမြင့်သို့ ရောက်ပြီးမှ အနိမ့်သို့ ပြန်လည် သက်ဆင်းရ တတ်သည်။ ဗျုပ္ပတ်မကောင်း လှသော နာမည်တစ်ခုဖြစ်သည်။ အိမ်ထောင်ရေး၊ စီးပွားရေးများမှာ မတည်ငြိမ်လှပါ။
ကျောက်
မှည့်ခေါ်မှု နည်းသော နာမည်တစ်ခုဖြစ်သည်။ ဗျုပ္ပတ်မကောင်းပါ။ ဘဝကို ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရတတ်သည်။ မင်းပြစ်မင်းဒဏ် သင့်တတ်သည်။ ဘဝတွင် ချမ်းသာမှု အောင်မြင်မှုများကို လွယ်ကူစွာ မရတတ်ဘဲ ရင်းနှီးစွန့်စားရမှု အလွန် များတတ်သည်။ မိမိပိုင်စီးပွားဥစ္စာများကို ရန်သူမျိုးငါးပါး ဖျက်စီးတတ်သည်။ အကျိုးပေး မကောင်းလှသော နာမည် တစ်ခု ဖြစ်သည်။
ကျင်
တရုတ်လူမျိုးအများဆုံးမှည့်ခေါ်တတ်သည်။ အလယ်အလတ် ကောင်းကျိုး ပေးနိုင်သော နာမည်မျိုးဖြစ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်သည်။ အသားအရောင် ညိုမည်းလျှင် စီးပွားရေးကံ မကောင်းနိုင်ပါ။ အနိမ့်အမြင့်၊ အတတ်အကျ များတတ်သည်။ ထို နာမည်ပိုင်ရှင်များ သတိပြုရမည်မှာ သမ္မာအာဇီဝ မကျသော လုပ်ငန်းများ လုပ်ကိုင်မိလျှင် အမှုအခင်းဖြစ်ပွားလွယ်ပြီး ထောင်တန်း ကျလွယ်တတ်သည်။ ယောင်္ကျားနာမည်များတွင် နာမည် အဖျားလုံး ကို ဒွေးဒဟဖြင့် မှည့်ခေါ်ထားပါက အိမ်ထောင်ရေးကံ မကောင်းနိုင်ဘဲ အိမ်ထောင် ဆက်များတတ်သည်။ အမျိုးသမီး နာမည်များတွင်မူ အမျိုးသားနာမည်များလောက် အပြစ်မပြုတတ်ပါ။
ကျောင်း
မှည့်ခေါ်မှုနည်းသော နာမည်တစ်ခုဖြစ်သည်။ အသားအရောင် ဖြူလတ်လျှင် ဘဝကံကောင်းတတ်ပြီး အသားအရောင် ညိုမည်းလျှင် စီးပွားရှာရ ခက်ခဲတတ် သည်။ နာမည်အရင်းလုံးနှင့် အဖျားလုံးပါ ဣဋ္ဌအမည်ချည်းသာဖြစ်လျှင် ဘဝတွင် အလွန်ကြီးမားသော အခွင့်အလမ်းကောင်းများနှင့် ကြုံရတတ်ပြီးအလျှင်အမြန် တိုးတက်ကြီးပွားနိုင်သည်။ “ကျော်” နှင့် အကျိုးပေးဆင်တူပြီး အလားတူ ကောင်းစား နိုင်သော နာမည်တစ်ခု ဖြစ်ပေသည်။ နာမည်ကျော်ကြားတတ်သည်။ ဝစ္စပေါက် သရ ကြောင့် စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ အိမ်ထောင်ရေးပါ ရှုတ်ထွေး လာတတ်သည်။
ကျန်
မှည့်ခေါ်မှုနည်းသောနာမည်ဖြစ်ပြီး၊ ကောင်းကျိုးပေးနိုင်သော နာမည်မျိုးဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်ပါက ကျော်ဇော ထင်ရှားတတ်ပြီး စီးပွားဖြစ်ထွန်း လွယ်သည်။ အသားအရောင် ဖြူ၊ လတ်လျှင် ပိုမို အကျိုးပေးတတ်သည်။
ကျိန်း
တရုတ်လူမျိုးများ မှည့်ခေါ်မှုများသည်။ ပါဝင်နေသောသရများသည် သရကောင်း များ ဖြစ်သော်လည်း အကျိုးပေးထက်သန်မှု မရှိလှပေ။ တာဝန်ဝတ္တရား ကြီးမားစွာ ထမ်းဆောင်ရတတ်သော်လည်း အကျိုးပေးခံစားရမှု နည်းတတ်သည်။ ဘဝတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်သည်။
ကြာ
ထိုနာမည်တွင် ဗျုပ္ပတ် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောပါဝင် လျှက်ရှိပြီး အနက် အဓိပ္ပါယ် များစွာ ထွက်နိုင်သော နာမည်တစ်ခု ဖြစ်သည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ၊ စနေ ဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများတွင် ရှိပါက ကောင်းကျိုးပြုနိုင်မည်။ အနိဋ္ဌ ဖြစ်ပါက ကံမကောင်းလှပါ။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး မကောင်းသော အနက်အဓိပ္ပါယ်ရှိ၍ လက်တွေ့တွင်လည်း အိမ်ထောင်ရေး ရှုတ်ထွေးတတ်ကြ သည်။ အသားညိုသောသူများတွင် နာမည်အဖျားလုံးသည် ဒွေးဒဟဖြစ်ပါက အသောက်အစား၊ အပျော်အပါးနှင့် လောင်းကစား တစ်ခုခုတွင် ထူးချွန်တတ်သည်။
ကြီး
လုံးကြီးတင်ဆံခတ်ပါသော်လည်း နာမည်ဗျုပ္ပတ်ကောင်းသည်။ ထို နာမည်ပိုင်ရှင် များသည် တိုင်စဉ်မှန်ပါက ဘဝတွင် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ ဩဇာအာဏာရှိပြီး လူအများကို အုပ်ချုပ်ရတတ်သည်။ သို့သော် တိုင်စဉ်မှားပြီး အနိဋ္ဌအမည်ဖြစ်ပါက တာဝန်ကြီးမားပြီး အမြဲပူပင်နေရတတ်သည်။ ဆွေမျိုး သားချင်းများ၏ ဒုက္ခကို အနည်းနှင့်အများ ခံစားရတတ်သည့် နာမည်မျိုးဖြစ်သည်။
ကြူ
ပါဝင်နေသောသရများအရ လည်းကောင်း၊ ဗျုပ္ပတ်သဘောအရ လည်းကောင်း အကျိုးပေးထက်သန်တတ်သော နာမည်တစ်ခုဖြစ်သည်။ သံယောဇဉ်ကြီးမားပြီး ပူပင် ကြောင့်ကျမှု များတတ်သည်။ ကိုယ်စွမ်းကိုယ်စ ရှိပြီး၊ ကိုယ်အားကိုယ်ကိုး လိုစိတ် ရှိသည်။ တိုင်စဉ်မှန်လျှင် ဘဝသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ကြီးပွားနိုင်သည်။ အသားအရောင် ညိုမည်း လွန်းခြင်းမှ လွဲ၍ ကျန်အသားရောင်များ ကောင်းကျိုးပြု နိုင်သည်။ ဘဝတွင် ကူညီစောင့်ရှောက်မည့်သူ အမြဲရှိပြီး အိမ်ထောင်ဖက်ကောင်းရ တတ်သည်။ သို့သော် အင်္ဂါဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏတွင် ရှိပါက အိမ်ထောင်ဖက်ကို အားမကိုး ရတတ်ချေ။
ကြူး
“ကြူ”ကဲ့သို့ပင် ကောင်းကျိုးပြုနိုင်သော နာမည်ဖြစ်သော်လည်း တိုင်စဉ် မမှားရန် လိုသည်။ တိုင်စဉ် ဇောက်ထိုးဖြစ်ပါက အိမ်ထောင် ဆက်များသွားနိုင်သည်။ ရံဖန်ရံခါ ထိုနာမည်ပိုင်ရှင်များသည် မိုက်မဲသော အပြုအမူများကို လုပ်တတ်ပြီး ဘဝပျက်သည် အထိ မိုက်မှားတတ်သည်ကို သတိပြုရပေမည်။
ကြော့
“ကျော့” နာမည်နှင့် အလားတူ အကျိုးပေးနိုင်သော်လည်း ယပင့် ထက် ရရစ်က ပို၍ အားကောင်းပြီး အကျိုးပေးသည်။ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်စိတ် ပို၍ ရှိပြီး၊ ငွေကြေးစုဆောင်း မိရန် ခဲယဉ်းသော ကံကြမ္မာမူ “ကျော့” နှင့် အလားသဏ္ဍန်တူပင် ဖြစ်သည်။
ကြံ
သေးသေးတင်သရသည် ညံ့သောသရတစ်ခု ဖြစ်သော်လည်း ဗျုပ္ပတ်ကောင်းသော ကြောင့် ထိုအဆိုးတို့သည် ပြေပျောက်နိုင်၏။ လက်တွေ့တွင်လည်း ထိုနာမည် ပါသောသူများသည် ကောင်းစားသည်က ပို၍များသည်။ နာမည် အဖျားလုံး ဣဋ္ဌဖြစ်လျှင် အလုပ်ကြီး အကိုင်ကြီးများကို လုပ်ကိုင်ခွင့် ရစေသော ကံကြမ္မာ ပါတတ်သည်။ အပြိုင်အဆိုင်လုပ်ငန်းများ အပေါ်တွင် အနိုင်ရတတ်သည်။ ဘဝကံ ကောင်းသော်လည်း ထိုနာမည်ပိုင်ရှင်များသည် ရံဖန်ရံခါ အောက်ခြေလွတ်တတ်ပြီး အမှားကြုံရတတ်သည်။
ကြင်
“ကျင်” နှင့် အလားတူသော အကျိုးပေးမျိုး ရှိသော်လည်း ရရစ်သရ ဖြစ်၍ ပိုမို အားကောင်းသည်။ “ကျင်” ထက် ပိုမို အကျိုးပေးသည်။ စီးပွားရေး၊ အိမ်ထောင်ရေး ကံ ပို၍ကောင်းတတ်ပြီး ဩဇာအာဏာ ရှိတတ်သော အမည်မျိုး ဖြစ်သည်။ လူအများ ခန့်ညားလောက်သော ဥပဓိရုပ်မျိုး ရှိတတ်သည်။ ထိုသို့ ဥပဓိရုပ် မခန့်ညားပါ ကလည်း အောင်မြင်ကျော်ဇောမှု မရှိတတ်ပြန်သည်။ ယောင်္ကျား၊ မိန်းမမရွေး မှည့်ခေါ်တတ်သည့် နာမည်မျိုးဖြစ်သော်လည်း ယောင်္ကျားများတွင် ပိုမို အကျိုးပေး ထက်သန်သည်ကို တွေ့ရတတ်သည်။ မိန်းမများ၌မူ အိမ်ထောင်ရေးကံ အနည်းငယ် ညံ့၏။
ကြိုင်
အမျိုးသမီးများ အမှည့်များသော်လည်း အမျိုးသားများလည်း မှည့်ခေါ်ကြသည်။ ပါဝင်သော သရများအရ ကောင်းသောအကျိုး ပေးနိုင်သည်။ တိုင်စဉ် ညီညွတ်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် စီးပွားရေး၊ အိမ်ထောင်ရေးကံများ ကောင်းနိုင်သည်။ ဗျုပ္ပတ် သဘောအရ အပြစ်ကင်းသော အလုပ်များကို လုပ်ကိုင်မှ ထာဝရ အကျိုးပြုနိုင်ပြီး အပြစ်မကင်းသော အလုပ်များကို လုပ်ကိုင်မိပါက ဒုက္ခတွေ့ တတ်သည်။ အမျိုးသမီး များတွင် အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို အလွန်ခံစားရ တတ်သည်။ ထိုနာမည်သည် ယောင်္ကျားများထက် မိန်းမများတွင် ပိုမို အကျိုးပေး သည်ကို တွေ့ရသည်။ ယောင်္ကျားများတွင်မူ ထင်သလောက် အကျိုးမပြုတတ်ပေ။
ကြည်
တနင်္လာအက္ခရာများထဲတွင် မှည့်ခေါ်မှုများသော နာမည်ဖြစ်ပြီး ဗျုပ္ပတ်ကောင်းမွန် သည်။ အသားအရောင် ဖြူ၊ လတ်သူများတွင် ပိုမို အကျိုးပေးပြီး အသားအရောင် ညိုမည်းသူများတွင် စီးပွားရေးများ မတည်ငြိမ်တတ်ပါ။ တိုင်စဉ်မှန်ပြီး၊ ဣဋ္ဌ စာလုံးများ ဖြစ်ပါက ဘဝကံ တဖြည်းဖြည်း မြင့်မားတိုးတက်လာမည်။ နာမည် အဖျားလုံး သောကြာ၊ အင်္ဂါ၊ စနေ များဖြစ်ပြီး ဣဋ္ဌ ဋ္ဌာနများတွင် ရှိပါက အိုကံ ကောင်းပြီး သားသမီး အကျိုးပေးကောင်းသည်။
ကြယ်
ယခုခေတ်တွင် မှည့်ခေါ်လာကြသော နာမည်တစ်ခု ဖြစ်သည်။ ဗျုပ္ပတ် အသင့်တင့် ကောင်းမွန်ပြီး အသားအရောင် ဖြူ၊ လတ်သူများတွင် ကောင်းကျိုးပေးသည်။ နာမည် ကျော်ကြားတတ်သော ကံဇာတာရှိတတ်ပြီး တိုင်စဉ်မှန်လျှင် လူအများနှင့် ဆက်ဆံ ရသောလုပ်ငန်းများဖြင့် ကြီးပွားတိုးတက်နိုင်သည်။
ကြွယ်
ဗျုပ္ပတ်ကောင်းသော နာမည်တစ်ခုဖြစ်သည်။ တိုင်စဉ်မှန်သော ဣဋ္ဌအမည်ဖြစ်လျှင် စီးပွားရေးတိုးတက်ကောင်းမွန်ပြီး ဘဝအဆင့်အတန်းမြင့်မားတတ်သော နာမည် မျိုးဖြစ်သည်။ ယောင်္ကျားနာမည်များတွင် အိမ်ထောင်ရေးအပြစ် နည်းပါး သော်လည်း မိန်းမနာမည်များတွင် အိမ်ထောင်ရေးအပြစ် မကင်းလှချေ။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု ရှိတတ်သည်။ တိုင်စဉ်မှားသော နာမည်ဖြစ်လျှင် စီးပွားရေး မတည် ငြိမ်တတ်ဘဲ နိမ့်မြင့်တက်ကျ မကြာခဏ ဖြစ်တတ်ပေသည်။
ကြွေ
ဗျုပ္ပတ်မကောင်းသောနာမည်ဖြစ်ပြီး အိမ်ထောင်ရေး၊ စီးပွားရေးကံများ မကောင်း တတ်ပါ။ သို့သော် အသားအရောင် အလွန်ဖြူသောသူများတွင် ထူးထူးခြားခြား အကျိုးပေးသည်ကိုလည်း တွေ့ရတတ်သည်။ အသားအရောင် ညိုမည်း သူများ တွင် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ရတတ်သည်။
ကွန်း
ယောင်္ကျားများတွင် မှည့်ခေါ်လေ့ရှိကြသော်လည်း အလွန်ရှားပါးသော နာမည် တစ်ခုဖြစ်သည်။ တာဝန်ဝတ္တရား ကြီးမားတတ်သည်။ မိမိအား မှီခိုမည့်သူများ တတ်သည်။ အိမ်ထောင်ရေး ချမ်းသာသုခ နည်းပါးတတ်သည်။
ခ
သရမပါသော ဗျည်းသက်သက်ဖြစ်၍ ဗျုပ္ပါတ်မထင်ရှားပေ။ ကောင်းသော ဗျုပ္ပါတ်ရှိ စကားလုံးနှင့်တွဲလျှင် ကောင်းသော အကျိုးပေးတတ်ပြီး မကောင်းသော ဗျုပ္ပါတ် ရှိသော စကားလုံးနှင့်တွဲလျှင် မကောင်းကျိုးပေးတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းရှိလျှင်ကံကောင်းတတ်ပြီး အသားအရောင် ညိုမည်းပါက ပင်ပန်းဆင်းရဲ မှု များတတ်သည်။
ခံ့
ခံ့ညားထည်ဝါခြင်း အဓိပ္ပါယ်ရှိပြီး ဗျုပ္ပါတ်ကောင်းသော်လည်း သေးသေးတင်နှင့် အောက်မြစ်သရ နှစ်မျိုးလုံး ပါဝင် နေသောကြောင့် အကောင်းအဆိုး ဒွန်တွဲနေသော နာမည် ဖြစ်သည်။ ဘဝတွင် အလုပ်ကြီး အကိုင်ကြီးများ လုပ်ကိုင် ဆောင်ရွက်ခွင့် ရသော်လည်း ဆုံးရှုံးမှု၊ ပျက်စီးမှုများ မကြာခဏ ကြုံရတတ်သည်။ ငွေကြေးဥစ္စာ မတည်မြဲတတ်ပေ။ အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်တတ်သည်။ ရံဖန်ရံခါ ကျော်ဇောထင်ရှားမှုမျိုး ရှိလာတတ်သော်လည်း ထာဝရ အကျိုးပေးမှု မထက်သန် တတ်ပါ။
ခက်
အမျိုးသမီးများတွင် မှည့်လေ့ရှိသော်လည်း ဗျုပ္ပါတ်မကောင်းသော နာမည်ဖြစ်သည်။ အသားအရောင် ဖြူလွန်းခြင်း၊ မည်းလွန်းခြင်းရှိလျှင် အိမ်ထောင်ရေး နှင့် စီးပွား ရေးကို ထိခိုက်တတ်စေသည်။ နာမည်အဖျားလုံး ဒွေးဒဟ ဖြစ်လျှင် အိမ်ထောင်ဆက် များတတ်သည်။ ကိုယ့်ထူးကိုယ်ချွန် ကြီးပွားရန် အလွန်ခက်ခဲပြီး အမှီကောင်း ရှိပါမှ တန်ရုံမျှလောက်သာ အကျိုးပေးတတ်သော နာမည်မျိုး ဖြစ်လေသည်။
ခင်
တနင်္လာအက္ခရာများတွင် အမှည့်များသော နာမည်မျိုး ဖြစ်ပြီး ယောင်္ကျား မိန်းမ မရွေး မှည့်ခေါ်ကြသည်။ အမျိုးသမီးများတွင် တိုင်စဉ်မှန်ပြီး ဣဋ္ဌနာမည်မျိုး ဖြစ်ပါက ဘဝသည် တည်တည်ငြိမ်ငြိမ်နှင့် အကျိုးပေးတတ်သည်။ အိမ်ထောင်ဖက်ကောင်း ရတတ်သည်။ ဤနာမည်ပိုင်ရှင်များသည် ဩဇာပေး ဆရာလုပ်လိုသော စိတ်ထားမျိုး ရှိတတ်သည်။ ယောင်္ကျားမျာတွင် မှည့်ခေါ်ပါက မိန်းမဆန်သော စိတ်ထားမျိုး ရှိစေ တတ်သည်။ တိုင်စဉ်မှားပြီး အနိဋ္ဌနာမည်မျိုးဖြစ်ပါက ဘဝနောက်ပိုင်းတွင် နိမ့်ကျ သက်ဆင်းတတ်ပြီး အိုကံ မကောင်းတတ်ပါချေ။ ယောင်္ကျားများတွင် အပြစ်အလွန် များစေတတ်ပြီး မိန်းမများတွင် အပြစ်ထက် အကျိုးပို၍များစေနိုင်သော နာမည် တစ်ခု ဖြစ်သည်။
ခေါင်
ဗျုပ္ပါတ်ကောင်းသော်လည်း တွဲဖက်နေသေစာလုံးများကြောင့် ဗျုပ္ပါတ်လွန်ခြင်း ဖြစ်တတ်သော နာမည်မျိုးဖြစ်သည်။ အကြံအစည် မြင့်မားတတ်ပြီး တိုးတက်ကြီးပွား လိုသော စိတ်ဆန္ဒများကို လွန်ကဲစေသော နာမည်မျိုး ဖြစ်သည်။ ဘဝတွင် ထိပ်တန်းသို့ ရောက်နိုင်သော နာမည်မျိုးဖြစ်သော်လည်း စိတ်အပြောင်း အလဲ မြန်တတ်ပြီး အမှားအယွင်းများ မကြာခဏ လုပ်မိတတ်သည်။ မိမိ ကိုယ်ကို ထိန်းသိမ်း နိုင်စွမ်း ရှိပါမှ ကောင်းစားတတ်သော နာမည်ဖြစ်သည်။
ခိုင်
ဗျုပ္ပါတ်ကောင်းသော နာမည်မျိုးဖြစ်ပြီး ယောင်္ကျားမိန်းမ မရွေးမှည့်ခေါ်ကြသည်။ ဘဝတွင် တာဝန်ယူရမှု များတတ်ပြီး စိတ်ပူပင်သောက ကြီးမားရတတ်သည်။ ယောင်္ကျားနာမည်ဖြစ်ပါက မိန်းမဆန်သော စိတ်သဘောရှိစေပြီး စိတ်နှစ်ခွ ရှိတတ်သည်။ မိန်းမနာမည် များတွင်မူ အိမ်ထောင်အပေါ် သဝန်တို လွှမ်းမိုးနိုင်သော စိတ်ထားရှိတတ်သည်။ အသားအရောင် အလွန်အမင်း ရွေးချယ်မှုမရှိ။ နာမည် အဖျားလုံးသည် ဒွေးဒဟ ဖြစ်ပါက မိမိသော်လည်းကောင်း၊ မိမိ အိမ်ထောင်ဖက် သော်လည်းကောင်း၊ အိမ်ထောင်ရေး ဖေါက်ပြားတတ်သော နာမည်မျိုးဖြစ်သည်။
ခေတ်
အမှည့်နည်းသော နာမည်မျိုးဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေနေတတ်၍ လှုပ်ရှားတတ်သောနာမည်မျိုး ဖြစ်ပြီး လူထု ဆက်ဆံရေးလုပ်ငန်းများနှင့် အကျိုးပေး တတ်သည်။ ယောင်္ကျားနာမည်များတွင် မိန်းမဆန်သော စိတ်သဘောမျိုး ရှိစေပြီး မိန်းမ နာမည်များတွင် တိုင်စဉ်ကောင်းပြီး ဣဋ္ဌနာမည် ဖြစ်ပါက အိမ်ထောင်ဖက် အကျိုးကျေးဇူးကို အလွန်ခံစား တတ်သော နာမည်မျိုးဖြစ်သည်။
ခန့်
ဗျုပ္ပါတ်ကောင်းပြီး အသားအရောင် ဖြူခြင်း လတ်ခြင်း ရှိပါက ကောင်းစား တတ်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌ နာမည်မျိုးဖြစ်ပါက ဘဝတွင် မမျှော်လင့်သော အကျိုးပေးထက်သန်မှုမျိုး ခံစားရတတ်သည်။ မိမိကိုယ်ကို အထင်ကြီး သောစိတ်မျိုး ရှိစေပြီး ဘဝတွင် အောက်ခြေလွတ်မှုမျိုး မဖြစ်ရန် သတိပြုရမည်။ အကြီးအကဲဖြစ်စေနိုင်သော ယုဂ်မျိုးပါသည့် နာမည်တစ်ခု ဖြစ်သည်။
ခမ်း
ဗျုပ္ပတ်အားဖြင့် မကောင်းသော်လည်း တိုင်းရင်းသား(ရှမ်း)လူမျိုး အမည်များတွင် အများဆုံးပါလေ့ရှိပြီး သူ့လူမျိုး၊ သူ့နာမည်ဖြစ်လျှင် အပြစ်မရှိပါ။ မြန်မာလူမျိုးများ အတွက်မူ အိမ်ထောင်ရေးအပြစ် ရှိပြီး စီးပွားရေး၌လည်း ရလွယ် ကုန်လွယ်တတ် သော နာမည်မျိုးဖြစ်လေသည်။
ချီ
ဗျုပ္ပတ်ကောင်းဖြစ်သည်။ ယောင်္ကျားနာမည်များတွင် အများဆုံး မှည့်ခေါ်လေ့ ရှိသည်။ ဘဝတွင် ကျော်ဇော ထင်ရှားတတ်သည်။ တာဝန်ကြီးကြီးမားမား ထမ်းဆောင်ရတတ်သည်။ သို့သော်လည်း အိမ်ထောင်ရေး ကံညံ့တတ်သည်။ အချို့တွင် ပထမ အိမ်ထောင်ပျက်ပြီး ဒုတိယ အိမ်ထောင်ကျမှ တည်မြဲတတ်သည်။ အမျှော် အမြင်ကြီးမားတတ်ပြီး စီးပွားရေး စိတ်ဇောကြီးတတ်သည်။ နာမည်ကောင်း တစ်ခုဖြစ်သည်။
ချော
အမျိုးသမီး ရာခိုင်နှုန်းအများဆုံး မှည့်ခေါ်တတ်သောနာမည်မျိုး ဖြစ်သည်။ အကျိုးပေးထက်သန်ရန်မှာ ဗျုပ္ပတ်နှင့် ညီညွတ်သော ရုပ်ရည်ချောမောမှု ရှိရန် လိုသည်။ အသားအရောင် ဖြူဝင်းရမည်။ ခန္ဓာကိုယ် သေးသွယ်ရမည်။ သို့မှ အကျိုးပေးမည်။ မပြေပြစ်လှသောရုပ်ရည်ပိုင်ရှင်များကိုပေးမိလျှင် အိမ်ထောင်ရေးကံ ညံ့တတ်သည်။ စီးပွားရေး နှင့် ဘဝအောင်မြင်ရေးကံမှာမူ အညံ့စားထဲ၌ မပါပါ။ ရုပ်ရည်အဆင်ပြေ ပြီး တိုင်စဉ်မှန်သော ဣဋ္ဌအမည် ဖြစ်ပါက အိမ်ထောင်ဖက်၏ ချစ်ခင်မြတ်နိုးမှု အထူးရရှိနိုင်သော နာမည်မျိုး ဖြစ်သည်။
ချို
အသားအရောင် ဖြူခြင်း လတ်ခြင်းကို နှစ်သက်ပြီး ဗျုပ္ပတ်နှင့်ညီညွတ်သော မျက်နှာ ပြုံးချိုခြင်း၊ စကားပြောချိုသာခြင်းမျိုး ရှိသူများတွင် ဘဝသည် ပို၍အဆင်ပြေ တိုးတက်လေ့ ရှိသည်။ အိမ်ထောင်ရေး အပြစ်မကင်းလှသောနာမည်မျိုး ဖြစ်ပြီး အချစ်ရေးပွေလီ ရှုတ်ထွေး တတ်သည်။ ရတာမလို၊ လိုတာမရ အိမ်ထောင်ရေးမျိုး ဖြစ်တတ်သည်။ နာမည် အဖျားလုံးသည် ဒွေးဒဟ ဖြစ်လျှင်သော်လည်းကောင်း၊ ဝစ္စပေါက်ပါလျှင်သော် လည်းကောင်း၊ ဟထိုးပါလျှင်သော်လည်းကောင်း အိမ်ထောင် ဆက်ပါ များတတ်သည်။ စီးပွားရေးကံမှာမူ မဆိုးလှပါ။ နာမည်အရင်းလုံးမှာ သောကြာ၊ အင်္ဂါ၊ စနေအက္ခရာများ ဖြစ်နေပြီး တိုင်စဉ်မှန်နေလျှင် စီးပွားရေး ကံမှာ ထူးထူးခြားခြား အဆင်ပြေ ကောင်းမွန်တတ်သည်။
ချစ်
မိန်းမများတွင် အမှည့်များပြီး ယောင်္ကျားများတွင်လည်း မှည့်ခေါ်လေ့ ရှိပါသည်။ ယောင်္ကျားများတွင် နာမည်အရင်းလုံး ဖြစ်လျှင် စကားပြောဆိုးမည်။ အပြစ်ရှာ တတ်သည်။ ဆက်ဆံရေး မပြေပြစ် တတ်ပါ။ အလိုက်မသိတတ်ပေ။ တနင်္လာဂြိုဟ် ဘင်္ဂနှင့် မရဏ ရှိလျှင် အပြောမတတ်၍ ဘဝတက်လမ်း၊ စီးပွားရေး၊ အိမ်ထောင်ရေး များ ပျက်စီးတတ်သည်။ သူတပါးအား လွန်စွာ အပြစ်ရှာတတ်သူ ဖြစ်ပြီး လူမုန်း များခြင်း ခံရတတ်သည်။ မိန်းကလေးနာမည်များတွင် အသားဖြူပါက သင့်မြတ် ကောင်းမွန်သော နာမည်မျိုး ဖြစ်လေသည်။ ယောင်္ကျားနာမည်များတွင် အပြစ် ပို၍ များတတ်ပေသည်။
ချိန်
ယောင်္ကျားနာမည်များတွင် မှည့်ခေါ်မှု ပို၍များသည်။ ကြီးမားခက်ခဲသော တာဝန် ဝတ္တရား များကို ထမ်းဆောင်ရတတ်သည်။ အယူသည်း တတ်ပြီး ဂမ္ဘီရပညာရှင်များ၌ စိတ်ဝင်စားတတ်သည်။ စည်းကမ်းကြီးတတ်ပြီး ရည်ရွယ်ချက် ကြီးမားတတ်သည်။ ဣဋ္ဌအမည်ဖြစ်ပါက ကောင်းစားတတ်သည့် နာမည်မျိုးဖြစ်သည်။
ချမ်း
ယောင်္ကျား မိန်းမနာမည်နှစ်မျိုးစလုံးတွင် အတွေ့ရများသည်။ ဗျုပ္ပတ်ကောင်းပြီး အေးချမ်းသာယာခြင်း၊ ချမ်းသြွာကယ်ဝခြင်း အနက်အဓိပ္ပါယ်ရှိသည်။ ဣဋ္ဌအမည် ဖြစ်ပြီး တိုင်စဉ်မှန်ပါက ကျော်ဇောထင်ရှားတတ်ပြီး ဘဝအခြေ မြင့်မားတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို နှစ်သက်ပြီး ညိုခြင်း၊ မည်းခြင်း ရှိပါက အိမ်ထောင်ရေး၊ စီးပွားရေးကံများ မခိုင်လုံတတ်ပါ။
ချယ်
“ချစ်” နှင့် အလားတူသော သဘောဆောင်ပြီး အမျိုးသမီးများတွင် အသင့်အတင့် ကောင်းနိုင်ပြီး အမျိုးသားနာမည်များတွင် ကံမကောင်း တတ်သော နာမည်မျိုး ဖြစ်သည်။ ဆက်ဆံရေး မပြေပြစ်မှုများကြောင့် လူချစ်လူခင် နည်းပါးသော နာမည်မျိုးဖြစ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သော သဘောထားမျိုး ရှိတတ် လေသည်။
ခြူး
ရရစ်သရ၊ နှစ်ချောင်းငင်သရ တို့ကြောင့် နာမည်ကောင်းတစ်ခုပင် ဖြစ်သည်ဟု ထင်ရသော်လည်း မကောင်းသော ကံကြမ္မာ ဘေးဥပဒ် တို့နှင့် တွေ့ရတတ်သော နာမည်မျိုး ဖြစ်သည်။ မကောင်းသော ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကြောင့် မိမိဘဝသည် ထိခိုက် ပျက်စီးရတတ်သည်။ မိမိလုပ်သလောက် အကျိုးခံစားခွင့် မရှိတတ်ပေ။ အသားအရောင် ညို မည်းလျှင် အလွန် ဆိုးဝါးသော အကျိုးဆက်များ ကြုံရတတ်သည်။
ခြည်
တွဲဖက်နေသော စာလုံးကောင်းမွန်လျှင် အကျိုးခံစားခွင့်ရှိသော နာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပါက ဘဝတွင် အိမ်ထောင်ရေး၊ စီးပွားရေးများ မြဲမြံခိုင်မာတတ်သည်။ ဣဋ္ဌအမည်ချည်းသာဖြစ်လျှင် ဧကန်မုချ ကောင်းစားတတ်သော နာမည်ဖြစ်ပါသည်။
ခြိမ့်
မှည့်ခေါ်မှုနည်းသော နာမည်မျိုးဖြစ်ပြီး တာဝန်ကြီးမားခြင်း၊ သံယောဇဉ် ကြီးမားခြင်း၊ အပေါင်းအသင်းများခြင်း၊ အခြံအရံ ပေါခြင်း၊ ကျော်ဇောထင်ရှားခြင်းများဖြင့် ပြည့်စုံ နိုင်သော နာမည်ဖြစ်သော်လည်း တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်ပါမှ ကောင်းကျိုး ဧကန် ရရှိနိုင်ပါသည်။
ခွန်း
တိုင်းရင်းသားနာမည်များတွင် အတွေ့ရများပြီး တွဲဖက်နေသောစာလုံး ကောင်းလျှင် အကျိုးပေးမညံ့သော နာမည်ဖြစ်သည်။ အေးဆေးစွာ နေလေ့ရှိပြီး အသားအရောင် ဖြူ လတ်ခြင်း၊ တိုင်စဉ်မှန်ခြင်း၊ ဣဋ္ဌအမည် ဖြစ်ခြင်း စသော အချက်များ ပြည့်စုံလျှင် အိမ်ထောင်ရေး၊ စီးပွားရေးကံများ ကောင်းနိုင်ပါမည်။
ဂျူး
စွမ်းအားရှိသော ထက်မြက်သော နာမည်တစ်ခုဖြစ်ပြီး မိန်းကလေး နာမည်ဖြစ်လျှင် ယောင်္ကျားဆန်သော စိတ်ထားကို ဖြစ်စေသည်။ အသားအရောင် ဖြူ၊ လတ်ခြင်း ကို နှစ်သက်ပြီး၊ အသားအရောင် မည်းလွန်းခြင်းကို မနှစ်သက်ပေ။ အိမ်ထောင်ဖက် ၏ အကျိုးခံစားခွင့် နည်းပါးတတ်ပြီး၊ ကိုယ့်ထူးကိုယ်ချွန် ပိုမို ကြီးပွားနိုင်သည်။
ဂေါင်
အမှည့်နည်းသော နာမည်ဖြစ်ပြီး ကျော်ဇောထင်ရှားတတ်သော သဘောရှိသည်။ အကြီးအကဲ ဆရာသမားများ၏ အကူအညီ ရတတ်သည်။ တိုင်စဉ်မှန်လျှင် ဘဝတွင် ရည်မှန်းထားသလောက် အောင်မြင်တတ်မည်။
ငု
အမည်းရောင် စာလုံးဖြစ်သော်လည်း ဗျုပ္ပတ်အရ အသားအရောင် ဖြူ၊ ဝါသူများ လည်း မှည့်ခေါ်နိုင်သော နာမည်ဖြစ်သည်။ မိန်းကလေး နာမည်အဖြစ်သာ ပိုမို သင့်တော်မှု ရှိသည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် သင့်တင့်လျှောက်ပတ်သော စီးပွားရေး ခိုင်လုံမှုကို ရနိုင်သည်။ အေးချမ်းစွာ နေလိုသော သဘောရှိပြီး ကျော်ဇော ထင်ရှားမှု နည်းပါးတတ်သည်။
ငုံ
ဘဝတွင် ရည်မှန်းထားသလောက် အကျိုးကျေးဇူး ခံစားခွင့် မရှိသော နာမည်မျိုး ဖြစ်သည်။ ထိုနာမည်ပိုင်ရှင်မျိုးသည် အလွန်အမင်း ကြိုးစားအားထုတ်သော်မှ ထိပ်ဆုံးသို့ ရောက်ရန် ခဲယဉ်းပေသည်။ မျှော်လင့်ချက်၊ ရည်မှန်းချက်များဖြင့်သာ ဘဝကို ကုန်ဆုံးရတတ်သည်။ တိုင်စဉ်မှန်၊ ဗျုပ္ပတ်မှန်ပါမှ အသင့်တင့်မျှသာ အကျိုးပေးတတ်သည်။
ငယ်
အသားအရောင် ဖြူခြင်း၊ လတ်ခြင်းကို မနှစ်သက်ဘဲ အသားအရောင် ညို၊ မည်းသူ များ၌သာ အသင့်အတင့် အကျိုးပေးနိုင်သည်။ ဗျုပ္ပတ် မကောင်းသောကြောင့် ဘဝတွင် အလွန်အမင်း ကြီးပွားတိုးတက်ရန် ခက်ခဲသည်။ အမျိုးသမီး နာမည် များတွင် အိမ်ထောင်ရေးအပြစ် ကြီးမားသည်။ အိမ်ထောင်ရေးကံ မကောင်းခြင်း၊ အိမ်ထောင်ဆက်များတတ်ခြင်း၊ မလွတ်လပ်သောသူများနှင့် ငြိစွန်းခြင်းများ ဖြစ်နိုင် သည်။ စီးပွားရေးကံ ကောင်းခဲ့လျှင်လည်း အိမ်ထောင်ဖက်အတွက် အမြဲ စိတ်ဆင်းရဲ ၍နေရ တတ်သည်။ မဟာဘုတ်တွင် အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိ နေရာများတွင်ရှိပါက အိမ်ထောင်ရေးကံ အလွန်ခေသည်။ အိမ်ထောင်ဖက် ကို အားကိုးမရတတ်ချေ။ အင်္ဂဂြိုဟ် အထွန်း၊ သိုက်၊ ရာဇတွင် ရှိပါမှ အတော်အသင့် ကံကောင်းနိုင်သည်။
ငြိမ်း
ယောင်္ကျား မိန်းမမရွေးမှည့်ခေါ်နိုင်သော နာမည်တစ်ခုဖြစ်သည်။ ဒွိ သဘော ဆောင် နေသော အနက်အဓိပ္ပါယ်များရှိနေပြီး တိုင်စဉ်မှားခြင်း၊ အသားအရောင် ဖြူခြင်းများ ရှိလျှင် အိမ်ထောင်ရေး၊ စီးပွားရေးကံ မကောင်းနိုင်ပေ။ တနင်္လာဂြိုဟ်သည် မရဏ၊ ဘင်္ဂ ဖြစ်ပါက စီးပွားရေးကံ မကောင်းသောကြောင့် အိမ်ထောင်ရေးပါ ပျက်စီး ရတတ်သည်။ တိုင်စဉ်မှန်ခြင်း၊ နာမည်တစ်ခုလုံးသည် ငြိမ်းချမ်းသာယာသော သဘောကို ဆောင်နေခြင်း၊ အသားအရောင် လတ်ခြင်း၊ ညိုခြင်းရှိလျှင် ကံကောင်း နိုင်ပါသေးသည်။ ယောင်္ကျား နာမည်ထက် မိန်းမနာမည်များတွင် ပိုမို အပြစ်ပြု တတ်သည်။
ငွေ
ယခုခေတ်တွင် မှည့်ခေါ်မှု နည်းပါးသွားလေသည်။ အသားလတ်ခြင်း ညိုခြင်းကို နှစ်သက်၏။ တွဲဖက်အက္ခရာများကောင်းခြင်း၊ တိုင်စဉ်မှန်ခြင်း၊ ဣဋ္ဌအမည်ဖြစ်ခြင်း စသော အချက်များ ပြည့်စုံလျှင် တည်တည်ငြိမ်ငြိမ် နှင့် အကျိုးပေးထက်သန်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှားပြီး အနိဋ္ဌ အမည်ဖြစ်ပါက အသက်ကြီးပိုင်းရောက်မှ ဆင်းရဲဒုက္ခရောက်ရတတ်သည်။ အိုဇာတာ ညံ့တတ်သည်။
.
တနင်္လာဂြိုဟ်တွဲလုံးအမည်များ
.
ကဗျာ
နာမည်၏ အဓိပ္ပါယ်အတိုင်း ကဗျာဆန်လွန်းသောနာမည်ဖြစ်ပြီး အမျိုးသမီးနာမည် သက်သက်ဖြစ်လေသည်။ အနုပညာနာမည်တစ်ခု အဖြစ်သာ သင့်တော်ပြီး၊ အသိပညာရှင်၊ အတတ်ပညာရှင် နာမည်မျိုးနှင့်မသင့်တော်ပေ။ အသားအရောင် ဖြူဝင်းမှ အကျိုးပေး ကောင်းတတ်သည်။ စိတ်ကူးယဉ် ဆန်လွန်းသော သဘောထား မျိုး ရှိတတ်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိ တွင်ရှိနေပါက အိမ်ထောင်ရေး ကံကောင်းရန် မသေချာပေ။
ကလျာ
အတော်အတန် မှည့်ခေါ်မှုများသော နာမည်မျိုးဖြစ်ပြီး၊ မိန်းမ အလွန်ဆန်သော နာမည်ဖြစ်သည်။ ဗျုပ္ပတ်ကောင်းသည်။ အသားအရောင် ဖြူ၊ လတ်ပါက အကျိုးပေး တည်ငြိမ်သည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက ဘဝကံကောင်းမည်။ အိမ်ထောင်ရေး သုခ၊ စီးပွားရေးသုခ ပြည့်စုံနိုင်သော နာမည်တစ်ခုဖြစ်သည်။
ကေသီ
ထိုနာမည်သည်လည်း အမျိုးသမီးနာမည်အဖြစ် အတော်အတန် မှည့်ခေါ်လေ့ ရှိကြသည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက အကျိုးပေးကောင်းနိုင်ပါသည်။ အသားအရောင် အလွန်မရွေးလှပါ။ သို့သော် တိုင်စဉ်မှားပြီး၊ အင်္ဂါဂြိုဟ်အနေ မကောင်းပါက နီးစပ်သူများနှင့် ငြိစွန်းလွယ်ခြင်း၊ မလွတ်လပ်သူများနှင့် တွေ့ဆုံ ရခြင်း၊ အချစ်ရေးရှုပ်ထွေးသည်ဟု နာမည်ပျက်ခြင်းများ ရှိတတ်သည်။
ကေသရီ
ဗျုပ္ပတ်အတန်ငယ်မြင့်မားသောကြောင့် သတိထားရမည့် နာမည်တစ်ခု ဖြစ်သည်။ ထိုနာမည်ကို မှည့်လျှင် ဥပဓိရုပ်မြင့်မားခြင်း၊ အသားအရေ ကောင်းခြင်းများရှိရမည့် အပြင် မိမိမွေးဖွားလာစဉ်၌ မိဘများ၏ စီးပွားရေး အခြေအနေနှင့် ဂုဏ်ဒြပ်တို့သည် အထက်တန်းကျသော အခြေအနေမျိုးတွင် ရှိသင့်သည်။ သို့မဟုတ်ပါက ဗျုပ္ပတ်လွန်သည့်ဖက်သို့ ရောက်သွားတတ် လေသည်။ ကျွမ်းကျင်သော ဆရာသမားများ၏ နည်းစနစ်ကို ခံယူပြီးမှသာ မှည့်သင့်သော နာမည်မျိုးဖြစ်သည်။
ကံ့ကော်
ပန်းနာမည်မျိုးဖြစ်ပြီး ပန်းတို့၏ သဘာဝအတိုင်း လူအများ၏ ချစ်ခင် မြတ်နိုးမှုကို ခံရတတ်သည်။ အသားအရောင် ဖြူခြင်း၊ လတ်ခြင်း ရှိရမည်။ တွဲဖက်နေသော နာမည်များသည် ဗျုပ္ပတ်ကောင်းပါက ဘဝတွင် အေးအေးချမ်းချမ်းနှင့် အကျိုးပေး နိုင်သည်။ သို့သော် ထိပ်ဆုံးသို့ ရောက်ရန် ခက်ခဲသည်။ ရည်မှန်းချက် ကြီးလွန်းသူ များနှင့် မသင့်တော်သော နာမည်မျိုး ဖြစ်သည်။ ဘဝကို အေးအေးချမ်းချမ်းနေလို သူများနှင့်မူ သင့်တော်မှုရှိသော နာမည်တစ်ခုဖြစ်သည်။
ကြာညို
ပန်းနာမည်ပင်ဖြစ်သော်လည်း ဗျုပ္ပတ်မကောင်းပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးမှု၊ နာမည်ပျက်မှုများ ဖြစ်စေနိုင်သောနာမည် ဖြစ်သည်။ “က”သည် အဖြူရောင်အက္ခရာ ဖြစ်သော်လည်း အသားအရောင် လတ်၊ ညို မှသင့်တော်သည်။ အင်္ဂါဂြိုဟ်သည် ပုတိ၊ ဘင်္ဂ၊ မရဏ နှင့် အဓိပတိများတွင် ရှိပါက အိမ်ထောင်ဆက် များတတ်သည်။
ကြေးမုံ
လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရတတ်သော နာမည်မျိုး ဖြစ်သည်။ တိုင်စဉ်မှန် ဣဋ္ဌအမည်ဖြစ်ပါက ဘဝကံ ကောင်းတတ်ပြီး အိမ်ထောင်ဖက်ကောင်း ရတတ်သည်။ အိမ်ထောင်ရေး အကျိုးပြုမှုကို ရရှိခံစားရတတ်သည်။
ကြည်ဖြူ
ပါဝင်သောသရများသည် သရကောင်းများဖြစ်ပြီး၊ အနက်အဓိပ္ပါယ် အလွန်ကောင်း သော နာမည်ကောင်းတစ်ခုဖြစ်သည်။ တိုင်စဉ်မှန်၊ ဣဋ္ဌအမည်ဖြစ်ပါက ဘဝတွင် အကျိုးပေးကောင်းမှု၊ ကံကောင်းမှုများကို ဧကန် ရရှိနိုင်မည်။ တည်တည်ငြိမ်ငြိမ်နှင့် အကျိုးပေးမည်။ နာမည်အဖျားလုံးသည် သောကြာ၊ အင်္ဂါ နှင့် စနေဂြိုဟ်များဖြစ်ပါက အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်နိုင်သည်။ အိမ်ထောင်ဖက်၏ ယုယကြင်နာမှုကို ခံစားရတတ်သည်။
ကြယ်စင်
ယခုခေတ်တွင်မှ မှည့်ခေါ်မှုများလာသော နာမည်တစ်ခုဖြစ်သည်။ သက်မဲ့အရာဝတ္တု နှင့် နှိုင်းယှဉ်သောသဘောရှိ၍ အချို့သောပညာရှင်များ မနှစ်သက်ကြပေ။ စာရေးသူ၏ အလိုအရ တိုင်စင်မှန်ပြီး ဣဋ္ဌ အမည်ဖြစ်လျှင် အမည်ကောင်း တစ်ခု ဖြစ်ပါသည်။ “ကြယ်” တို့သည် သက်မဲ့အရာများဖြစ်သော်လည်း လူအများက နှစ်သက် မြတ်နိုးခြင်း၊ အဓွန့်ရှည်ကြာခြင်းသဘောရှိ၍ ဗျုပ္ပတ်ကောင်းပင် ဖြစ်ပါ သည်။ ပါဝင်သောသရများအရ စီးပွားရေးကံ၊ အိမ်ထောင်ရေးကံ မညံ့သော နာမည်တစ်ခု ဖြစ်ပါသည်။ လူအများနှင့် ဆက်ဆံရသော လုပ်ငန်းများဖြင့် အောင် မြင်ခြင်း၊ အသိပညာ အတတ်ပညာတစ်ခုခု၌ ထူးချွန်တတ်ခြင်း၊ နာမည်ကျော်ကြား ခြင်းများကို ဖြစ်စေနိုင်ပါသည်။
ကျော်စွာ
ယောင်္ကျားပီသသော နာမည်တစ်ခုဖြစ်သည်။ ရဲရင့်ခြင်းပြီး တည်ကြည်လေးနက် သော စိတ်ထားများကို ဖြစ်ပေါ်စေနိုင်သည်။ အကြီးအကဲ ဆရာသမားကောင်းများ နှင့် ကြုံဆုံရတတ်ပြီး ထိုအထောက်အပံ့ကြောင့် ဘဝကံမြင့်မားတတ်သည်။ အသာြး ဖြူပြီး ဥပတိရုပ်ကောင်းမွန်သူများတွင် ပိုမို၍ အကျိုးပေးတတ်သည်။ တိုင်စဉ်မှန် ပါက ပြောပလောက်သော အိမ်ထောင်ရေးအပြစ် မရှိတတ်ပါ။ နာမည်ကောင်း တစ်ခု ဖြစ်ပေသည်။
ကျော်ဇော
နာမည်၏ ဗျုပ္ပတ်အတိုင်းပင် ကျော်ဇောထင်ရှားတတ်သော နာမည်မျိုးဖြစ်သည်။ ကိုယ်စွမ်းကိုယ်စ ရှိသော နာမည်မျိုးဖြစ်ပြီး ထူးချွန်ထက်မြက်တတ်သည်။ မိမိ မွေးဖွား စဉ် ဘဝထက် မြင့်မားသော ဘဝများသို့ ရောက်ရှိတတ်သည်။ ခက်ခဲကြီးမားသော တာဝန်များကို ထမ်းဆောင်ရတတ်သည်။ လုပ်ရည်ကိုင်ရည်ကောင်းသောကြောင့် ဆရာသမားအကြီးအကဲများ၏ သဘောကျမှုကို ခံရတတ်သည်။ သို့သော် တိုင်စဉ် မှားခြင်း၊ ပက္ခတ်မိခြင်းများ ရှိပါက အမြင့်သို့ရောက်ပြီးမှ ပြန်၍ကျဆင်းတတ်သည်ကို သတိပြုရမည်။ ယေဘူယျအားဖြင့် နာမည်ကောင်းတစ်ခုဟု ဆိုရပေမည်။
ခရေ
ပန်းနာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် အကျိုးပေး ကောင်းနိုင် ပါသည်။ သိမ်မွေ့နူးညံ့သော စိတ်ထား ရှိမည်။ ထိုသို့ မဟုတ်ပါက ကြမ်းတမ်းသော စိတ်ထားနှင့် အပြောအဆိုများရှိလျှင် ဆင်းရဲဒုက္ခ တွေ့တတ်ပါသည်။ ဗေဒင် စည်းကမ်းနှင့် ညီညွတ်ပါမှ အကျိုးပေးထက်သန်မည့် နာမည်မျိုးဖြစ်ပါသည်။
ခတ္တာ
ပန်းနာမည်ပင်ဖြစ်သော်လည်း ပါဝင်သောသရများအရ အကျိုးပေးမှု အားနည်း သော နာမည်မျိုးဖြစ်သည်။ ဘဝတွင် အခက်အခဲများနှင့် မကြာခဏ ကြုံရတတ် သည်။ ဘဝတွင် အောင်မြင်ကြီးပွားမှုရရှိရန် အလွန်တရာ ကြိုးစားအားထုတ်ရသော နာမည်မျိုး ဖြစ်သည်။
ခေမာ
ဗျုပ္ပတ်ကောင်းသည်။ ဘေးမရှိ၊ ရန်မရှိခြင်း အနက်အဓိပ္ပါယ်ရှိသည်။ နာမည်ကောင်း တစ်ခုဟု ထင်ရသည်။ သို့သော် လက်တွေ့ဘဝတွင် အိမ်ထောင်ရေးကံချို့ယွင်း တတ်သည်။ ဆုံးဖြတ်ချက် လွဲမှားမှုကြောင့် အမှားတွေ့ရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှုများတတ်သည်။
ချမ်းမြေ့
အနက်အဓိပ္ပါယ် ကောင်းပြီး အေးချမ်းသာယာစေနိုင်သော သဘောရှိသည်။ အသားအရောင် အလွန်အမင်းမရွေးသော နာမည်ဖြစ်သည်။ တိုင်စဉ်မှန်ပြီး ဣဋ္ဌအမည်ဖြစ်လျှင် ဘဝသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သွားနိုင်မည်။ အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်စေမည်။ အိမ်ထောင်ရေးကံပါ ကောင်းနိုင်သော နာမည်ဖြစ်သည်။
ချမ်းသာ
ဗျုပ္ပတ်အလွန်ကောင်းသော်လည်း တိုင်စဉ်မှန်ပြီး ဣဋ္ဌဖြစ်မှ ဗျုပ္ပတ်အတိုင်း အကျိုး ပေးပါသည်။ တိုင်စဉ် ဇောက်ထိုးဖြစ်ပြီး အနိဋ္ဌ အမည်ဖြစ်ပါက “မောင်ချမ်းသာ” အမည်မှည့်ခေါ်ထားပြီး “မောင်ဆင်းရဲ” ဖြစ်နေတတ်ပါသည်။ ဗေဒင်စည်းကမ်းနှင့် ညီညွတ်လျှင် အကျိုးပေးနိုင်ပါသည်။
ချယ်ရီ
မိန်းကလေးနာမည်ဖြစ်ပြီး အသားဖြူဝင်းပြီး လှပနွဲ့နှောင်းသော အမျိုးသမီးများတွင် အကျိုးပေးသည်။ အသားအရောင် ညိုမည်းခြင်းကို လုံးဝမနှစ်သက်ပါ။ ထိုနာမည် ပိုင်ရှင်များတွင် ပါးချိုင့် ပါလျှင် အလွန်ကံကောင်းတတ်သည်။ နာမည် အဖျားလုံး သည် သောကြာ၊ အင်္ဂါ၊ စနေဂြိုဟ်များဖြစ်ခဲ့လျှင် အလွန် အကျိုးပေးထက်သန်သော တတ်ပေသည်။ နာမည်ကောင်း တစ်ခုဖြစ်သည်။
ခွာညို
ပန်းနာမည်ဖြစ်ပြီး၊ အသားအရောင် မရွေးပါ။ အသားအရောင် ဖြူသူများတွင် သာမက အသားအရောင် ညိုသူများ၌ပါ မှည့်နိုင်သည်။ တာဝန်ဝတ္တရား ကြီးမား တတ်သည်။ ရည်မှန်းချက်ကြီးမားတတ်သည်။ ခွာညိုနှစ်လုံးတည်းမှည့်လျှင် အကျိုးပေး အလွန်အမင်း မထက်သန်တတ်ပါ။ နောက်မှ ဣဋ္ဌဖြစ်ကြသော သောကြာ၊ တနင်္လာ၊ အင်္ဂါဂြိုဟ်များဖြင့် ပိတ်မှ အိမ်ထောင်ရေး ကံကောင်း နိုင်သည်။ ၄င်း အင်္ဂါဂြိုဟ်သည် “ည” အက္ခရာ မဖြစ်စေရချေ။ “ည” အက္ခရာ ဖြစ်နေပါလျှင် အိမ်ထောင်ဆက် များတတ်သည်။
ဂန္ဓမာ
ပန်းနာမည်ဖြစ်သော်လည်း နူးညံ့သိမ်မွေ့မှုနည်းတတ်ပြီး၊ ထက်မြက်သော နာမည် တစ်ခု ဖြစ်သည်။ အမျိုးသမီးများတွင် အိမ်ထောင်ရေး အပြစ် ပြုနိုင်သော နာမည် ဖြစ်သည်။ အင်္ဂါဂြိုဟ် ပုတိ၊ ဘင်္ဂ၊ မရဏ ဋ္ဌာနများ နှင့် အဓိပတိ နေရာတွင်ရှိလျှင် မိမိ၏ အိမ်ထောင်ဖက်သည် အိမ်ထောင်ရေး ဖောက်ပြန် တတ်သည်။ စီးပွားရေးကံ အလွန်အမင်း မနိမ့်ကျပါ။
4 Comments:
ကျန် တဲ့ နေ့ နာမ် တွေ လည်း သိ ချင် လို့ ဘယ် မှာ သွား ရှာ ရ မ လည်း ခင် ဗျာ? အဆင်ပြေ ရင် reply ပြန် ပါ အုံး ခင် ဗျာ။
ဟုတယ်
ရေးပို့ပေးထားသည့်စာများသည် ဇော်ဂျီအဖောင့်ဖြစ်နေ၍ဖတ်မရပါ။
တခြား နေ့နံ တွေရော ဘယ်မှာ ကြည့်လို့ ရမလဲရှင့်
Post a Comment