နာမည်နှင့်ဗျုပ္ပတ်
နာမည်တစ်ခုတွင် ဗျုပ္ပတ်သည် အလွန်အရေးကြီးသည်။ အခြားသော အရေးကြီးသည့်အချက်များဖြစ်သည့် “တိုင်စဉ် ၊ ဝဏ္ဏ ၊ ဒီဃရဿ ၊ ဖို/မ အက္ခရာ ၊ ပက္ခတ် ၊ ဣဋ္ဌ/အနိဋ္ဌ ဋ္ဌာနများ” စသည့် အချက်များကို ပစ်ပယ်၍ မရသော်လည်း ပိုမိုအရေးကြီး သည်မှာ ဗျုပ္ပတ် ဖြစ်သည်။
ဗျုပ္ပတ်ဆိုသည်မှာ နာမည်တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ပင် ဖြစ်သည်။ “ကျော်မျိုးထက်” ဟုဆိုလျှင် ဆွေမျိုးသားချင်း အားလုံးထက် ထင်ပေါ် ကျော်ဇောမည့်သူဟု အဓိပ္ပါယ်ရသည်။ “စွမ်းရည်ပိုင်” ဟုဆိုလျှင် လူသား တို့တွင် ရှိထိုက်သော အရည်အချင်း၊ အစွမ်းသတ္တိ များကို ပိုင်ဆိုင်သူဟု အဓိပ္ပါယ် ရလေသည်။ “ပွင့်စံပယ်ဖြူ” ဟုဆိုလျှင် စံပယ်ပန်းတစ်ပွင့် ကဲ့သို့ လှပသောသူဟု အဓိပ္ပါယ်ရသည်။
ထိုသို့နာမည်တို့တွင် ဆိုင်ရာဗျုပ္ပတ်အသီးသီးရှိသော်လည်း ဗျုပ္ပတ် ကောင်းလျှင် ပြီးရောဟု မှည့်ချင်တိုင်း မှည့်၍ မရချေ။ ဗျုပ္ပတ်သည် နာမည်ပိုင်ရှင်၏ စိတ်နေသဘောထား၊ အကျင့်စရိုက်၊ ရုပ်ရည်ရူပကာ၊ အသားအရောင်၊ အရပ် အနိမ့်/အမြင့်တို့နှင့် သဟဇာတဖြစ်နေရမည်။ ထိုသို့ သဟဇာတမဖြစ်လျှင် ဗျုပ္ပတ် ကောင်းသော်လည်း အကျိုးမဖြစ်ထွန်း နိုင်ချေ။ အကျိုးမဖြစ်ထွန်းသည့်အပြင် အဆိုးကိုပါ ဆင့်ကဲရရှိလာနိုင် သေးသည်။
ထို့ကြောင့် ဗျုပ္ပတ်ကောင်းသော နာမည်ကောင်းတစ်ခုကို ရရှိရန်မှာ နာမည် တစ်လုံးချင်းစီ၌ ရှိနေသော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကို သိမှ ဖြစ်ပေမည်။ ထိုသို့ နာမည်တစ်ခုချင်းစီကို သိမှ နာမည် နှစ်လုံး၊ သုံးလုံး၊ လေးလုံး စသည်ဖြင့် ဖွဲ့စည်းပြီး ပေးနိုင်လေသည်။
ထိုသို့ နာမည်တစ်လုံးစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကိုသိရန် အောက်ပါ အချက်အလက်တို့ကိုလည်း ကနဦးသိထားရန် လိုအပ်လေသည်။ သို့မှ နာမည်တို့ကို အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြသောအခါ အလွယ်တကူ သဘောပေါက် နိုင်မည် ဖြစ်သည်။ ဤအချက်အလက်များကို မသိလျှင် ရှေ့လာမည့် အခန်းများ၏ ဖွင့်ဆိုချက်များကို မရှင်းမလင်း ဖြစ်နေလိမ့်မည်။ သေချာစွာ လေ့လာကြည့်ကြပါစို့။
ဗျည်းနှင့်သရ
ဗျည်းဆိုသည်မှာ “က” မှ “အ” အထိသော အက္ခရာတို့ပင် ဖြစ်သည်။
သရဆိုသည်မှာ ထိုအက္ခရာ ဗျည်းတို့ကို အသံအမျိုးမျိုး ဖြစ်ပေါ် လာအောင် ဆောင်ရွက်ပေးရသော သင်္ကေတများ ဖြစ်လေသည်။
ဗျည်းအက္ခရာတစ်ခုသည် သူချည်းသက်သက် အဓိပ္ပါယ်ထွက်ခြင်းမျိုး အလွန် နည်းပါးပါသည်။ ထောင်ပေါင်း များစွာသော စကားလုံးဝေါဟာရများ ဖြစ်လာစေရန် အတွက်မူ သရများနှင့် တွဲဖက်မှ ရပေလိမ့်မည်။
ထို့ကြောင့် သရများသည် ဗျည်းများထက် ပိုမို အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ နာမည်တို့၏ အဓိပ္ပါယ်များ တွင်လည်း ဗျည်းကြောင့်ထက် သရကြောင့်သာ ကောင်းခြင်း၊ ဆိုးခြင်းများ ဖြစ်နေရသည်ကို တွေ့ရ လေသည်။ သို့ဖြစ်၍ ဗျည်းနှင့်သရတို့ကို အကျယ်လေ့လာ ကြည့်ကြပါစို့။
ဗျည်း
ဗျည်း (၃၃) လုံးတွင် “ပါပ ၊ သောမ” ဟူ၍ ရှိသည်။ “အရောင် အဆင်း” ဟူ၍ရှိသည်။ “ဖို/မ(ဒွေးဒဟ)” အက္ခရာဟူ၍ ရှိသည်။ အောက်ပါ ဇယားတွင် လေ့လာကြည့်ပါ။

ပါမ ၊ သောမ အက္ခရာ
“ပါပ ၊ သောမ” အက္ခရာများကို သိလျှင် နာမည်တစ်ခု၏ နာမည် အရင်းလုံးနှင့် အဖျားလုံးတို့၏ “ပါပ ၊ သောမ” များကို ခွဲခြားကြည့်ပါစို့။
ဥပမာ - ကျော်အောင် (နာမည်အရင်း သောမ၊ နာမည်အဖျား ပါပ)
ဇော်မြင့် (နာမည်အရင်း ပါပ၊ နာမည်အဖျား သောမ)
စုစုနွယ် (နာမည်အရင်း ပါပ၊ နာမည်အဖျား ပါပ)
ဖြူဖြူဝင်း (နာမည်အရင်း သောမ၊ နာမည်အဖျား သောမ)
ပါပဂြိုဟ်အမည်များသည် -
ရဲရင့်ခြင်း၊ ထက်မြက်ခြင်း၊ သွက်လက် ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ တစ်ဇွတ်ထိုးဆန်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း များကို ဖြစ်စေသည်။
သောမဂြိုဟ်အမည်များသည် -
အေးဆေးခြင်း၊ တည်ငြိမ်ခြင်း၊ အပြောင်း အလဲနှေးကွေးခြင်း၊ ဆင်ခြင်တိုင်းထွာတတ်ခြင်း၊ စိတ်ဓာတ်နူးညံ့ပျော့ပြောင်း ခြင်းများကို ဖြစ်စေသည်။
အက္ခရာတို့၏ အရောင်

အထက်ပါဇယားအရ နာမည်တစ်ခု၏အရင်းလုံးနှင့် အဖျားလုံး များကို အရောင် ခွဲခြားလေ့လာ ကြည့်ကြပါစို့။
ဥပမာ - ကျော်ဆန်း (နာမည်အရင်း အဖြူ၊ နာမည်အဖျား အဝါ)
ဌေးဝင်း (နာမည်အရင်း အဝါ၊ နာမည်အဖျား အမည်း)
ဇော်တင် (နာမည်အရင်း အလတ်၊ နာမည်အဖျား အဖြူ)
စုမွန် (နာမည်အရင်း အဖြူ၊ နာမည်အဖျား အမည်း)
ဝင်းကျော် (နာမည်အရင်း အမည်း၊ နာမည်အဖျား အဖြူ)
ယေဘူယျအားဖြင့် အသားအရောင်ဖြူဝါလျှင် ဖြူဝါရောင် အက္ခရာများ ဖြစ်ကြသော (က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ဌ၊ ယ၊ ရ၊ သ) များဖြင့် မှည့်ရ မည်ဖြစ်သည်။
အသားအရောင်လတ်လျှင် (ဂ၊ ဇ၊ ဒ၊ ဗ၊ ဠ၊ အ) အက္ခရာများဖြင့် အမည်မှည့်ရမည်ဖြစ်သည်။
အသားအရောင် ညိုမည်းလျှင် (ဃ၊ င၊ ဈ၊ ည၊ ဓ၊ န၊ ဏ၊ ဘ၊ မ၊ လ၊ ဝ၊ ဟ) အက္ခရာများဖြင့် မှည့်ခေါ် ရမည်ဖြစ်သည်။
သို့သော် အထက်ပါ ဥပဒေသမှာ ယေဘူယျသဘော ဆန်လွန်းပြီး လက်တွေ့တွင်မူ ကွဲပြားချက်များရှိတတ်သည်။
အမည်းရောင် အက္ခရာ ပင်ဖြစ်သော်လည်း အဖြူရောင်ဗျုပ္ပတ်ဖြစ်နေ လျှင် အသားဖြူသူများ၌လည်း မှည့်ခေါ်နိုင်သည်သာ ဖြစ်၏။ နောက်ပိုင်း အခန်းများတွင် အသေးစိတ် ရှင်းလင်းတင်ပြပါဦးမည်။ ဖို/မ၊ ဒွေးဒေဟ အက္ခရာများအကြောင်းကို ဇယားပုံစံဖြင့် အောက်တွင် ပြထားပါသည်။
ဖို/မ(ဒွေးဒဟ) အက္ခရာ

အထက်ပါဇယားအရ နာမည်တစ်ခု၏ ဖို/မ(ဒွေးဒဟ) အက္ခရာများကို ခွဲခြား လေ့လာကြည့်ကြပါစို့။
ဥပမာ - ကျော်ဇင် (နာမည်အရင်း ဖို ၊ နာမည်အဖျား ဖို)
ဆန်းလွင် (နာမည်အရင်း ဖို ၊ နာမည်အဖျား မ)
ထူးကျော် (နာမည်အရင်း မ ၊ နာမည်အဖျား ဖို)
တင်တင်မိုး (နာမည်အရင်း ဖို ၊ နာမည်အဖျား ဒွေးဒဟ)
ဖြူဖြူမွန် (နာမည်အရင်း မ ၊ နာမည်အဖျား ဒွေးဒဟ)
အထက်ပါ ဖို/မ အက္ခရာများအပြင် “သံယုဂ်အက္ခရာ” များ နှင့် “မုဒ္ဓကာရက” အက္ခရာ များကိုလည်း ထပ်မံခွဲခြား ထားသေးသည်။
သံယုဂ်အက္ခရာများမှာ - (ယ၊ ရ၊ ဝ၊ ဟ) များဖြစ်ပြီး၊ မုဒ္ဓကာရက များမှာ (အ၊ ဠ) များဖြစ်ကြပါသည်။
= ဖိုအက္ခရာများသည် - ယောင်္ကျားဆန်ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ လျှင်မြန်ခြင်း၊ ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သံယောဇဉ် နည်းခြင်းများကို ဖြစ်စေနိုင်သည်။
= မအက္ခရာများသည် - မိန်းမဆန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှေးကွေးခြင်း၊ သတ္တိနည်းခြင်း၊ မပြတ်သားခြင်း၊ သံယောဇဉ် ကြီးခြင်းများကို ဖြစ်စေနိုင်သည်။
= ဒွေးဒဟအက္ခရာများသည် - ဒွိဟဆန်ခြင်း၊ တွေဝေခြင်း၊ သံယောဇဉ် နည်းခြင်း၊ အချစ်ရေးအိမ်ထောင်ရေး ရှုတ်ထွေး ခြင်း၊ မပြတ်သားခြင်း၊ အတိုက်အခံပြုတတ်ခြင်း များကို ဖြစ်စေနိုင်သည်။
= သံယုဂ်အက္ခရာများသည် - အပေါင်းအသင်းများခြင်း၊ လူမှုဆက်ဆံရေးကောင်းခြင်း၊ အပြောအဆိုလိမ္မာပါးနပ်ခြင်း၊ အစွဲအလမ်းကြီးခြင်းများကို ဖြစ်စေနိုင်သည်။
မုဒ္ဓကာရကအက္ခရာများသည် - အေးဆေးခြင်း၊ အပေါင်းအသင်း နည်း ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တစ်ယူသန်စိတ်ထားရှိခြင်း၊ သံယောဇဉ် နည်းခြင်း များကို ဖြစ်စေနိုင်သည်။
သရ
သရ များကို ဗေဒင်ရှုထောင့်မှ ပုံစံ (၁၅) မျိုး ခွဲခြားနိုင်သည်။ ထိုသရတို့မှာ -
(၁) သေဝထိုး ေ-
(၂) ရရစ်ြ-
(၃) ယပင့် -ျ
(၄) လုံးကြီးတင် -ိ
(၅) လုံးကြီးတင်ဆံခတ် -ီ
(၆) သေးသေးတင် -ံ
(၇) အောက်မြစ် -့
(၈) တစ်ချောင်းငင် -ု
(၉) နှစ်ချောင်းငင် -ူ
(၁၀) ဟထိုး -ှ
(၁၁) ဝဆွဲ -ွ
(၁၂) ရေးချ -ါ / -ာ
(၁၃) နောက်ပစ် -ဲ
(၁၄) ဝစ္စပေါက် -း
(၁၅) အသတ် -် တို့ ဖြစ်ကြပါသည်။
သရများကို “ကောင်းသောသရ ၊ အလယ်အလတ်သရ နှင့် ညံ့သော သရ” ဟူ၍ (၃) မျိုး ခွဲခြားတွေ့ရှိရပါသည်။
ကောင်းသောသရများ
ရရစ်၊ ယပင့်၊ သဝေထိုး၊ ဝစ္စပေါက်၊ နှစ်ချောင်းငင်၊ “င”အသတ် (င်)၊ “န” အသတ် (န်) များသည် ကောင်းသော သရများအဖြစ် တွေ့ရှိ ရသည်။
အလယ်အလတ်သရများ
လုံးကြီးတင်၊ တစ်ချောင်းငင်၊ နောက်ပစ်၊ “က” အသတ် (က်)၊ “တ” အသတ် (တ်)၊ “မ” အသတ် (မ်)၊ “လ” အသတ် (လ်) များသည် အလယ် အလတ်သရများ ဖြစ်ကြသည်။
ညံ့သောသရများ
လုံးကြီးတင်ဆံခတ်၊ သေးသေးတင်၊ အောက်မြစ်၊ ဝဆွဲ၊ ဟထိုး၊ ရေးချ၊ “စ” အသတ် (စ်) များသည် ဆိုးသော သရများ ဖြစ်ကြသည်။
ကောင်းသောသရတို့၏အဓိပ္ပါယ်များ
ရရစ် – သံယောဇဉ်ကြီးမားသည်။ မိသားစုစိတ်ဓါတ်ရှိသည်။ ကာကွယ် စောင့်ရှောက်တတ်သည်။ ကိုယ့်အား ကိုယ်ကိုးလိုစိတ် ရှိသည်။
ယပင့် – ထင်ပေါ်ကျော်ကြား တတ်သည်။ ကူညီမည့်သူ များ သည်။ မှီခိုလိုစိတ်ရှိသည်။
သဝေထိုး- ဦးစီးဦးဆောင်မှုပြုလိုသည်။ ညွှန်ကြားစီမံမှု ကောင်း သည်။ ကျော်ကြားတတ်သည်။ ငွေကြေး ရလွယ် တတ်သည်။
ဝစ္စပေါက်- တိုးတက်ပွားများတတ်သည်။ ရေရှည်ကြည့်တတ် သည်။ ဘဝကို တိုးတက်မြင့်မားသွားစေနိုင်သည်။ အိမ်ထောင်ဆက်များနိုင်သည်။
“င” အသတ်- ကိုယ်စွမ်းကိုယ်စရှိသည်။ ယုံကြည်မှု များသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဆက်ဆံ တတ်သည်။ အသိဉာဏ် မြင့်မားသည်။
“န” အသတ်- ထွန်းပေါက်တတ်သည်။ ခေါင်းမာတတ်သည်။ တစ်ဇွတ်ထိုး ဆန်သော်လည်း အောင်မြင်လွယ် တတ်သည်။
နှစ်ချောင်းငင်- ကူညီမည့်သူများတတ်သည်။ အိမ်ထောင်ဖက် ကောင်း ရတတ်သည်။ မိမိမွေးဖွားစဉ် ဘဝထက် မြင့်မား တိုးတက် တတ်သည်။
အလယ်အလတ်သရတို့၏အဓိပ္ပါယ်များ
လုံးကြီးတင် – တာဝန်ဝတ္တရားကြီးမားတတ်သည်။ အကြီးအကဲ ဖြစ်နိုင်သည်။ ပင်ပန်းတတ်သည်။
တစ်ချောင်းငင် – စိတ်ကူးကောင်းသည်။ အတွေးအခေါ် ကောင်းတတ် သည်။ အချိန်တန်လျှင် ကူညီမည့်သူရှိသည်။
နောက်ပစ် – ကျော်ကြားတတ်သည်။ စိတ်လောကြီးတတ်သည်။ တစ်ဇွတ်ထိုးဆန်သည်။ နိမ့်/လျှော ကျဆင်းနိုင်သော အန္တရာယ်ရှိသည်။
“က” အသတ် – အောင်မြင်မှုရရန် ခက်ခဲတတ်သော်လည်း အောင် မြင်လျှင် သူတစ်ပါးလိုက်မမီ တတ်ပါ။
“တ” အသတ် – ဇွဲလုံ့လရှိမှ အောင်မြင်တတ်သည်။ စိတ်ကူးကောင်း သော်လည်း လက်တွေ့အားနည်း တတ်သည်။
“မ” အသတ် – ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်တတ်သည်။ အိမ် ထောင်ရေး ရှုတ်ထွေးတတ်သည်။
ညံ့သောသရတို့၏အဓိပ္ပါယ်များ
လုံးကြီးတင်ဆံခတ်- ခေါင်းမာတတ်သည်။ အိမ်ထောင်ရေးကံ မကောင်း တတ်ပါ။ အပြစ်ရှာတတ်သည်။
သေးသေးတင် – နာမည်ကျော်ကြားတတ်သော်လည်း မိမိ လုပ်သ လောက် မခံစားရတတ်ပါ။ ထိပ်ဆုံးသို့ ရောက်ရန် ခဲယဉ်းသည်။
အောက်မြစ် – စီးပွားရေးတွင် အိတ်ပေါက်နှင့်ဖားကောက်သလို ဖြစ်မည်။ အဆုံးအရှုံးများမည်။ အိုဇာတာ မကောင်း တတ်ပါ။
ဝဆွဲ – သူများ ခိုင်းစေမှုကို ခံရတတ်သည်။ ဘဝတွင် တက်လမ်းမရှိ တတ်ပါ။ မယူချင်သောတာဝန်များကို ယူနေရတတ်သည်။
ဟထိုး – အိမ်ထောင်ရေး ကံမကောင်းတတ်ပါ။ ပင်ပန်း ဆင်းရဲနိုင်သည်။ အိမ်ထောင်ဆက် များတတ်သည်။
ရေးချ – အတားအဆီးများတတ်သည်။ ဘဝတွင် အထီးကျန် ဖြစ်တတ်သည်။ အပေါင်းအသင်းများသော်လည်း မိတ်ဆွေကောင်း မရှိတတ်။
“စ” အသတ် – အပြောဆိုးတတ်သည်။ ပတ်ဝန်းကျင်နှင့် အဆင် မပြေတတ်ပါ။ တကိုယ်ကောင်း ဆန်တတ် သည်။
“ရ ၊ လ ၊ ဟ” အသတ်များသည် သူတို့နှင့် တွဲသော ဗျည်း များအပေါ်တွင်တည်၍ အဓိပ္ပါယ်ထွက်ရခြင်းကြောင့် အားပျော့သော သရများ ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး မထင်ရှားပါ။
သံတိုသံရှည်
ဗျည်းနှင့်သရတို့ ပေါင်းစပ်မိသောအခါ ဖြစ်ပေါ်လာသော အသံထွက်ပုံ စနစ်ပေါ်မူတည်၍ အသံတို၊ အသံရှည် များဟူ၍ ခွဲခြား ထားသေးသည်။
သံတိုသရများ
ရရစ် (မြ)၊ ယပင့် (ကျ)၊ လုံးကြီးတင် (မိ)၊ အောက်မြစ် (လဲ့)၊ တစ်ချောင်းငင် (စု)၊ ဟထိုး (လှ)၊ ဝဆွဲ (ပွ)၊ “က”အသတ် (ခက်)၊ “စ”အသတ် (ချစ်)၊ “တ”အသတ် (ထွတ်) တို့သည် အသံတိုသရများ ဖြစ်ကြသည်။
သံရှည်သရများ
သဝေထိုး (မေ)၊ လုံးကြီးတင်ဆံခတ် (မီ)၊ သေးသေးတင် (စံ)၊ နှစ်ချောင်းငင် (မူ)၊ ရေးချ (မာ)၊ နောက်ပစ် (ရဲ)၊ ဝစ္စပေါက် (မင်း)၊ “င”အသတ် (ခင်)၊ “ည”အသတ် (စည်)၊ “န”အသတ် (မွန်)၊ “ရ”အသတ် (မိုရ်)၊ “လ”အသတ် (ဗိုလ်) တို့သည် အသံရှည်သရများ ဖြစ်ကြသည်။
“သရ”တို့ကို အထက်ပါအတိုင်း အသံတို၊ အသံရှည် ခွဲခြားရခြင်း အကြောင်းမှာ ယေဘုယျအားဖြင့် - ဗျည်း သောမဂြိုဟ်ဖြစ်လျှင် အသံရှည်ဖြစ်မှ (ဒီဃရဿ) မှန်သည်။ အသံတိုဖြစ်လျှင် မှားသည်။
ဥပမာ - ကြာသပတေးဂြိုဟ်သည် သောမဖြစ်၍ (မင်း၊ မွန်) ဖြစ်လျှင် ဒီဃရဿ မှန်ပြီး၊ (မြ၊ မိ) ဖြစ်လျှင် မှားသည်ဟု ဆိုနိုင်သည်။
ထို့အတူ ဗျည်း ပါပဂြိုဟ်ဖြစ်လျှင် အသံတို ဖြစ်မှ (ဒီဃရဿ) မှန်သည်။ အသံရှည်ဖြစ်လျှင် မှားသည်။
ဥပမာ - အင်္ဂါဂြိုဟ်သည် ပါပ ဖြစ်၍ (စု၊ ဆု) ဖြစ်လျှင် ဒီဃရဿ မှန်ပြီး၊ (စံ၊ ဆန်း) ဖြစ်လျှင် ဒီဃရဿ မှားသည်ဟု ဆိုရမည်။
သို့သော်လည်း ဒီဃရဿပျက်ပြီး ဗျုပ္ပတ်မှာ ကောင်းပြန်လျှင်လည်း ဒီဃရဿ အကျိုးပေးမှုမှာ အားနည်း သွားပြန်သည်ကို တွေ့ရပြန်ပေသည်။
မှတ်ချက် ။ ။ အထက်ပါ “သရ”တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ယေဘူယျ ဆန်ပြီး၊ အချို့“သရ”များမှာ ဗျည်းတစ်လုံးနှင့် တွဲလိုက်သော အခါ အဓိပ္ပါယ်ပြောင်းသွားတတ်သည်မျိုးလည်း ရှိပါသည်။ ထို့ပြင် “သရ” နှစ်မျိုး၊ သုံးမျိုး တွဲလိုက်သောအခါ အကောင်းမှ အဆိုးသော် လည်းကောင်း၊ အဆိုးမှ အကောင်းသော် လည်းကောင်း ပြောင်းလဲ သွားနိုင်သည်ကိုလည်း သတိပြုရပေဦးမည်။
ဣဋ္ဌနှင့်အနိဋ္ဌ
နာမည်တစ်လုံးအား မဟာဘုတ်ခွင်အပေါ်တွင် မူတည်၍ ဣဋ္ဌနှင့်အနိဋ္ဌ ဟူ၍ ခွဲခြားနိုင်ပါသည်။ အထွန်း၊ သိုက်၊ ရာဇ နှင့် အဓိပတိ ဋ္ဌာနများသည် ဣဋ္ဌ ဋ္ဌာနများ ဖြစ်သည်။ ထိုဋ္ဌာနများ ပေါ်တွင် ရပ်တည်နေသော ဂြိုဟ်တို့နှင့် သက်ဆိုင်သော အက္ခရာများကို ဣဋ္ဌအက္ခရာများဟု သတ်မှတ် ပါသည်။ ထို့အတူ ပုတိ၊ ဘင်္ဂ၊ မရဏဋ္ဌာနများသည် အနိဋ္ဌ ဋ္ဌာနများ ဖြစ်သည်။ ထိုဋ္ဌာနများပေါ်တွင် ရပ်တည် နေသော ဂြိုဟ်တို့နှင့် သက်ဆိုင် သော အက္ခရာများကို အနိဋ္ဌ အက္ခရာများဟု သတ်မှတ်ပါသည်။ အောက်ပါ ပုံကိုကြည့်ပါ။

ဣဋ္ဌနှင့်အနိဋ္ဌ ဌာနများကို သိလျှင် ဆက်၍ (၁)ကြွင်း မဟာဘုတ်ခွင်တစ်ခုကိုကြည့်ကြပါစို့။

အထက်ပါ မဟာဘုတ်ခွင်အရ စနေ၊ အင်္ဂါ၊ သောကြာ နှင့် ကြာသပတေးဆိုင်ရာ အက္ခရာများသည် ဣဋ္ဌ အက္ခရာများဖြစ်ပြီး၊ တနင်္လာ၊ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးဆိုင်ရာ အက္ခရာများသည် အနိဋ္ဌ အက္ခရာများ ဖြစ်ကြသည်။
ထိုသို့ ဗျည်း၊ သရ၊ အသံတို၊ အသံရှည်၊ ဣဋ္ဌ၊ အနိဋ္ဌတို့ကို သိလျှင် ရှေ့ဆက်မည့် နာမည်တစ်လုံးစီတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက် များကို နားလည် သဘောပေါက်ရန် အခြေခံလုံလောက်ပြီဟု ယူဆမိ ပါသည်။
ဒေါက်တာတင်ဗိုလ်ဗိုလ် ဗေဒသုခုမ မှပြန်လည်မျှဝေပါသည်။

0 Comments:
Post a Comment