နင့်လည်းငါမယုံ ...... ငါ့လည်းနင်ယုံစရာမလို
People Power Online မှ ကူးယူဖေါ်ပြသည့် သားအိမ်အဝ ကင်ဆာ ဆောင်းပါး။
“အာရှတိုက်မှာ သားအိမ်ခေါင်းကင်ဆာကြောင့် (၄) မိနစ်ကို အမျိုးသမီးတစ်ဦး သေဆုံးနေရတယ်” တဲ့။ မှန်တော့ မှန်ပါတယ်။ ဒီလိုပြောလို့ ထိတ်လန့်သွားစရာ မလိုဘူး။ ကမ္ဘာ့အမျိုးသမီးထုရဲ့ လူဦးရေကို အာရှတိုက်မှာရှိတဲ့ အမျိုးသမီး အရေအတွက်နဲ့စားပြီး တွက်ချက်ခန့်မှန်းထားတာ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV : 16-18 ဗိုင်းရပ်စ်ပိုးဟာ လိင်ကတဆင့် ကူးစက်တာပါ။
အပျိုဖော်ဝင်စ ပထမဆုံးအကြိမ် လိင်ဆက်ဆံဖူးရုံနဲ့တင် ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နိုင်ပါသတဲ့။ ဟိုမုန်းပြောင်းလဲမှု မတည်ငြိမ်သေးတဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ Teen Age နဲ့ပဲဖြစ်ဖြစ်၊ Men နဲ့ပဲဖြစ်ဖြစ် အတူမနေသင့်ပါဘူး။ ဆယ်ကျော်သက် ကောင်လေးတွေဆီက မဟုတ်ရင်တောင် အမျိုးသားတွေဆီက အချိန်အခါမရွေး ရောဂါပိုး ပါလာနိုင်တယ်။ သစ္စာရှိရှိ နှစ်ယောက်တည်း အတူနေတာက ပြဿနာမရှိဘူး။ မိန်းကလေးက သစ္စာရှိတယ်ပဲထားဦး၊ ကိုယ့်ပါတနာရဲ့ Background ကဘာလဲ၊ ဘယ်နှစ်ယောက်နဲ့ ဘယ်လို ပြုမူဆက်ဆံခဲ့သလဲ၊ ဘယ်သူသိနိုင်လို့လဲ။ မိန်းကလေးတိုင်းကရော ငါ့မှာ HPV ပိုး မရှိဘူးဆိုတာ သေချာလို့လား။ သူ့ကိုလည်း ယုံဖို့ မလိုဘူး။ ကိုယ့်ကိုယ်ကိုယ်လဲ တထစ်ချ မယုံကြည်ထားနဲ့။ ဘာကြောင့်လဲဆိုတော့ HPV ဗိုင်းရပ်စ်ပိုးဟာ လိင်ဆက်ဆံမှ မဟုတ်ဘူး။ အသားချင်းထိရုံနဲ့ ကူးစက်နိုင်လို့ပါ။
အငြိမ်းစား သားဖွားမီးယက် အထူးကု ပါမောက္ခ ဒေါက်တာ ဒေါ်ခင်သိန်းဦးက ပြောလာပါတယ်။ “၁၉၆၉ ခုနှစ်က ဆေး (၂) ပြင်ပလူနာဌာနမှာ ပါမောက္ခ ဒေါက်တာ ဦးရွှေတင် ခေါင်းဆောင်ပြီး သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဖို့အတွက် Pap Smear စစ်တမ်း ကောက်ယူတယ်။ ဘာရောဂါလက္ခဏာမှမရှိတဲ့ အမျိုးသမီးအယောက် (၁၀၀၀) ရဲ့ သားအိမ်ခေါင်းထဲက ချွဲကိုယူပြီး စစ်ဆေးခဲ့တယ်။ အဲဒီမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စပြုနေသူ (၅) ယောက်ကို ရှာဖွေတွေ့ရှိခဲ့လို့ အယောက် (၁၀၀၀) ရဲ့အဖြေကို ၁၉၇၀၊ ဧပြီ (၈) ရက်နေ့မှာကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က HPV ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်တယ်ဆိုတဲ့ သက်သေပြချက် မရှိသေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဘယ်သူဟာ ဘယ်လိုမျ မသိနိုင်ဘူးဆိုတာ သက်သေပြနေတာပဲ” လို့ ဆိုလာပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်သူ အမျိုးသမီးအယောက် (၁၀၀) မှာ (၈၀) က HPV ပိုးကြောင့် ရောဂါရကြတယ်ဆိုတာ ယခုအခါ တွေ့ရှိလာပါပြီ။ သားအိမ်ခေါင်း နံရံအလွှာလေးတွေဟာ အချိန်တိုင်းမှာ ပုံစံတမျိုးကနေ နောက်တစ်မျိုး ပြောင်းလဲနေတာပါ။ မိန်းမကိုယ်က အချွဲလေးတွေကိုကြည့်ပြီး ဆဲလ် ပြောင်းလဲမှု ရှိမရှိ စစ်ဆေးသိရှိနိုင်ပါတယ်။ အလွှာလေးတွေဟာ သုံးပုံနှစ်ပုံအထိ ပြောင်းလဲနေဦးတော့ Pre Cancer အဆင့်မို့ နေလို့ရသေးတယ်။ လက်ရှိအချိန်မှာ သားအိမ်ခေါင်း ထုတ်ပစ်စရာလဲ မလိုသေးဘူး။ အိမ်ထောင်သက်နုရင် ကလေးနှစ်ယောက်လောက် ယူဦးမလား၊ ရသေးတယ်။ သို့သော် နောင် (၁၀) နှစ်ကျော်လောက်မှာတော့ ဆဲလ်အလွှာတွေအဖြစ် ပြောင်းလဲသွားမယ်ဆိုတာ သေချာနေပါပြီ။
ထုတ်ဖို့လိုအပ်လာပြီဆိုရင် သားအိမ်ခေါင်း အပိုင်းအစလေးကို ဖြတ်ထုတ်လိုက်ရုံပါပဲ။ သားအိမ်ကိုယ်ထည်ကြီးတခုလုံးကို ထုတ်လိုက်တာမဟုတ်လို့ ပါတနာ (သို့) အမျိုးသား အိမ်ထောင်ဖက်နဲ့ အတူနေလို့ ရနေတာပါပဲ။
သားအိမ်ခေါင်းကင်ဆာက ကုလို့မရတာ မဟုတ်ပါဘူး။ ကြိုသိရင် ကုသလို့ ရပါတယ်။ ကြိုတင်စစ်ဆေးမယ်၊ ပိုးမဝင်အောင် ကာကွယ်ဆေးထိုးမယ်၊ အကာအကွယ်သုံးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျသွားပါလိမ့်မယ်။ အင်္ဂလန်နဲ့ သြစတြေးလျလို နိုင်ငံတွေမှာ ကျန်းမာရေး စီမံချက်တခုအနေနဲ့ အခမဲ့ ကာကွယ်ဆေး ထိုးနေကြပါပြီ။ ပြည်ပမှာ တချို့ဆို (၈) နှစ်သမီးလောက်ကတည်းက စထိုးနေကြပြီလို့ သိရပါတယ်။ ကျမတို့ နိုင်ငံမှာ ကာကွယ်ဆေးထိုးနိုင်တဲ့ အခြေအနေလဲရှိတယ်၊ အခွင့်အလမ်းလဲ ရှိတယ်ဆိုရင် HPV ပိုး ကူးစက်ဖို့ နည်းသွားပါလိမ့်မယ်။
အခြားကင်ဆာတွေထက် သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်လို့ ရတယ်ဆိုတာ မမေ့ပါနဲ့။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ပိုး ဝင်လာပြီဆိုရင် ပြန်တိုက်ထုတ်ဖို့ ကိုယ်ခံအား တည်ဆောက်လေ့ရှိပေမဲ့ HPV ပိုးကိုတော့ မတိုက်ထုတ်နိုင်ကြဘူးရှင့်။ HPV ပိုး အမျိုးအစား (၁၀၀) ကျော်ရှိနေတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်တယ်၊ အချို့ကို ကာကွယ်ဖို့ အခက်တွေ့နေကြတယ်။ ဒါကြောင့် အချို့သော HPV ပိုးကသာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာပါ။ HPV - 16 နဲ့ 18 ဟာ သားအိမ်ခေါင်းကင်ဆာကို (၇၀%) ဖြစ်စေပါတယ်။ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံသူ၊ အိမ်ထောင်ပြုသူ၊ အိမ်ထောင်ဖက် များသူ၊ လိင်မှုဆိုင်ရာ ပါတနာများသူ၊ သားသမီး ဦးရေများသူ၊ ဆေးလိပ်သောက်သူတွေနဲ့ HPV ပိုးရှိသူ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ အများအားဖြင့် အသက် (၂၅) မှ (၃၀) အတွင်း အမျိုးသမီးတွေဟာ HPV ပိုး ကူးစက်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စတင်ပြီဆိုကတည်းက HPV ပိုး ကူးစက်နိုင်ပြီး အသက် လေးငါးဆယ်လောက်မှာ ဗိုင်းရပ်စ်ပိုးက (၈၀%) လောက်ထိ ကူးစက်ပြန့်ပွားနိုင်ပါတယ်။
အခုခေတ်က လက်ထပ်တော့မယ်ဆိုရင် HIV၊ ဘီပိုး၊ စီပိုးလောက်ပဲ စစ်ကြတာ။ HPV ပိုးပါ စစ်ဆေးနိုင်ရင် ပိုကောင်းမွန် စိတ်ချရပါတယ်။ “နင့်လဲ ငါမယုံ ငါ့လဲ နင်ယုံစရာမလို” ဆိုတဲ့ နည်းလမ်းမှန်ကန်တဲ့ ကျန်းမာရေး အသိဥာဏ်တွေရှိဖို့ လိုအပ်လာပါပြီ။ Commercial Sex Workers တွေ ကွန်ဒုံးသုံးတယ်၊ ပါတနာတွေ ကွန်ဒုံးမသုံးဘူး၊ Sex Workers တွေထဲမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့နှုန်းက လူထုထဲက သာမန်မိန်းမသားတွေမှာ ဖြစ်တဲ့နှုန်းနဲ့ သိပ်မကွာလှပါဘူး။ တကယ်ဆို သူတို့မှာ ပိုဖြစ်နိုင်တယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ရောဂါဖြစ်ပွားမှု နည်းပါးနေရခြင်းဟာ ပုံမှန် ကွန်ဒုံး သုံးစွဲနေခြင်းကြောင့်လဲ ဖြစ်တယ်လို့ သုတေသနပြု စာတမ်းတခုမှာ မှတ်ချက်ချခဲ့ကြပါတယ်။ ပါတနာတွေကတော့
“တယောက်ကိုတယောက် ယုံကြည်မှု မရှိဘူးလား” ဆိုတဲ့ အတွေးမှားတွေနဲ့ အခြားအကြောင်းပြချက်တွေကြောင့် ကွန်ဒုံး မသုံးကြဘူး။ အဓိက သိရမှာက ကိုယ့်ဆီ ရောဂါပိုး ရောက်လာရင် ခင်ပွန်း (သို့) ဇနီးသည်ဆီ ပါသွားမယ်ဆိုတာ ပြောချင်တာပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံး။ နောက်တချက်က အမျိုးသားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါဘူး။ လောလောဆယ် သုတေသနပြုထားတာ မရှိသေးတော့ ပြောရခက်ပါတယ်။ အမျိုးသမီးတွေရဲ့ ချွဲတွေကို ထုတ်ယူ စစ်ဆေးမယ်ဆိုရင်တောင် ဖြစ်နိုင်ချေ ရှိမရှိပဲ သိနိုင်ပါမယ်။ HPV ပိုးရှိနေရင်တောင် လက္ခဏာက ချက်ချင်းပြတာ မဟုတ်သေးဘူး။ နောင်အချိန်တွေကြာလို့ သားအိမ်ခေါင်းကင်ဆာဖြစ်ပြီ ဆိုမှ အနံ့အသက်မကောင်းတာ၊ အချိန်အခါမဟုတ် ရာသီသွေးဆင်းတာ၊ လိမ်ဆက်ဆံရင် သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာတွေက ဖြစ်လာမှာကိုး။
ဘဝမှာ တကြိမ်တခါ လိင်ဆက်ဆံဖူးသူကနေ အိမ်ထောင်လဲပြိုပြီး တကိုယ်တည်းနေရတဲ့ အမျိုးသမီးတွေအဆုံး ကြိုတင်ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ “ ကျမက Single၊ ဘာမှ ဖြစ်စရာအကြောင်း မရှိဘူး” ဆိုပြီး ရောဂါ ဖြစ်လာတဲ့သူတွေ အများကြီး။ Single တော့ Single ဘယ်လို Single လဲဆိုတာ ကိုယ့်ကိုယ်ကိုသာ အသိဆုံးဖြစ်မှာပါ။
“ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး အမျိုးသမီး လိင်အင်္ဂါမှာ ရောဂါ လက္ခဏာ ပေါ်လာသူတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ လိင်ပိုင်းဆိုင်ရာတွေကို တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေး၊ စစ်ဆေးမှုခံယူ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကြိုထိုး၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးသုံးပေါ့။ တိုးတက်လွန်းပြီး စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့မခက်ပေဘူးလား။
အမျိုးသမီးများ ဒီဆောင်းပါးလေးကိုဖတ်ရင်းဖြင့်သားအိမ်အ၀ ကင်ဆာကို ကြိုတင်ကာကွယ်နိုင်ကြပါစေ...........

0 Comments:
Post a Comment