“ အသက်ကို ကုသိုလ် ကောင်းမှုက စောင့်၏....”

တစ်ခါတုန်းက တရားဘာဝနာ ကျင့်ကြံအားထုတ်ပြီး

တရားအမြင်ပေါက်နေတဲ့ ရဟန်းကြီးတစ်ပါးရှိတယ်။

အဲဒီရဟန်းအနားမှာ သူ့ရဲ့တူတော်တဲ့ အသက်(၉)နှစ်အရွယ်ကိုရင်လေးတစ်ပါးလည်းရှိတယ်။

အဲဒီကိုရင်လေးက ဦးဇင်းရဟန်းရဲ့ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ပေးနေတယ်။

တစ်နေ့မှာတော့ ရဟန်းကြီးက ကိုရင်လေးရဲ့မျက်နှာကိုကြည့်တဲ့အခါ

မကြာခင်မှာ ကိုရင်လေး သေဆုံးတော့မယ်ဆိုတာကို မြင်မိတယ်။

ဒါကြောင့် မိဘရပ်ထံပြန်ပြီးသေဆုံးစေချင်တယ်။

ဒါနဲ့ပဲ ကိုရင်လေးကို မိဘဆီပြန်ဖို့ ခွင့် နှစ်လပေးလိုက်မယ်။

မိဘဆီပြန်လိုက်အုန်းလို့ဆိုပြီး လွှတ်လိုက်တယ်။

ကိုရင်လေးလည်း မလွန်ဆန်နိုင်တာမို့ ရွာကိုပြန်ခဲ့ရပါတယ်။

ရွာကိုပြန်ပြီး (၂)လကြာတဲ့အခါ ကိုရင်လေး

ကိုတောင်ပေါ်ကျောင်းကိုပြန်တက်လာတာကိုတွေ့တော့

ရဟန်းကြီးဟာ တအံ့တသြဖြစ်နေတယ်။

ကိုရင်လေးရဲ့မျက်နှာကိုပြန်ကြည့်တော့ ကိုရင်လေးဟာ

အသက်(၈၀)နှစ်အရွယ်ဆရာတော်၊ သမားတော်ကြီးဖြစ်ပြီးမှ ပျံတော်မူမယ့်

အနာဂတ်အရေးကိုမြင်တော့ ဘယ်လိုဖြစ်၊ပျက်ခဲ့တာကို သိချင်တာနဲ့မေးမြန်းမိတယ်။

ကိုရင်လေးပြောပြတာကတော့

“အိမ်ပြန်တဲ့ တပည့်တော်ခရီးမှာလမ်းတစ်လျှောက်လုံး ရွာတွေ၊မြို့တွေကိုဖြတ်ရသလို

မြစ်တွေ၊ချောင်းတွေကိုလည်းဖြတ်ခဲ့ရတယ်။

တောတွေ၊တောင်တွေလည်းဖြတ်ကျော်ရပါတယ်။

တစ်နေ့တော့ မြစ်တစ်စင်းကိုဖြတ်ကူးမယ့်အလုပ်မှာ မိုးသည်းထန်စွာရွာတဲ့အတွက်

အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေစီးကြောင်းကိုတွေ့မြင်ရတယ်။

အဲဒီအချိန်မှာ ကျွန်းကလေးတစ်ကျွန်းပေါ် မှာ မကြာခင်အတွင်း ရေပြည့်လာရင်

ရေနစ်ပြီးသေတော့မယ့် ပုရွက်ဆိတ်အုံကြီးကိုတွေ့မြင်မိတယ်။

ပုရွက်ဆိတ်တွေဟာ ကျွန်းဘေးကစီးသွားတဲ့ရေစီးကြောင်းကို ဖြတ်ကူးပြီး ကမ်းပါးပေါ်သွားဖို့

ကြိုးစားနေတာကိုတွေ့ရတယ်။

အဲဒီအတိုင်းကြည့်နေမယ်ဆိုရင် မကြာခင်အတောအတွင်း ရေစီးကြောင်းထဲမျောပါသွားမယ့်

ပုရွက်ဆိတ်ကောင်ရေ အသင်္ချေအနန္တကို ကယ်ဖို့အတွက်

တပည့်တော် သစ်ကိုင်းတစ်ကိုင်းရှာပြီး ကျွန်းကလေးနဲ့ ကမ်းပါးအကြား

တံတားသဏ္ဍန်လုပ်ပေးလိုက်တယ်။

တပည့်တော်ချပေးလိုက်တဲ့ တံတားအပေါ် ပုရွက်ဆိတ်တွေ ကူးသွားကြတဲ့အခါ

တပည့်တော် ပုရွက်ဆိတ် တစ်ကောင် မကျန်ကူးသွားနိုင်တဲ့ အချိန်အထိ

သစ်ကိုင်းကို မျောပါ မသွားအောင် မြဲမြဲကိုင်ပေးထားတယ်။

ပုရွက်ဆိတ်တွေ တစ်ကောင် မကျန် အသက်ချမ်းသာရမယ့် ကုန်းမြေပေါ် ရောက်သွားပြီးတဲ့အခါမှ

တပည့်တော်လည်း မိမိသွားရမယ့်လမ်းကို ဆက်သွားခဲ့ပါတယ်။”ကိုရင်လေးရဲ့ပြောပြတာကိုကြားရပြီးတော့ ရဟန်းကြီးက

“လူကိုမဆိုထားနဲ့ ပုရွက်ဆိတ်ကလေးတွေရဲ့ အသက်ပေါင်းများစွာကို

ကယ်ဆယ်သူရဲ့အသက်ကိုပင်

မသေစေဘဲရှည်ကြာအောင်လုပ်နိုင်ပါကလား? ပြီးတော့

ကရုဏာအပြည့်ရှိတဲ့ကုသိုလ်ကောင်းမှုဟာ

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ရဲ့ကံကြမ္မာကို

အလှည့်အပြောင်းဖြစ်စေပါလား”လို့တွေးတောမိပါတယ်


0 Comments:

Post a Comment