စာရေးဆရာမယဉ်မင်းဦး(ဆေးတက္ကသိုလ်)၏သန္ဓေကာတာမှကိုယ်ဝန်တားဆီးခြင်းနည်းလမ်းများ(အပိုင်း ၂)
ဆေးပညာရှုထောင့်ဖြင့်သာ နားလည်ဖတ်ရှုပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်
သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နည်းလမ်းကို အသုံးပြုခြင်းကြောင့်-
(က) ငွေအကုန်အကျသက်သာခြင်း
(ခ) ကိုယ်ဝန်မရှိစေရန် စိတ်ချရခြင်း
(ဂ) နေ့စဉ်ဆေးသောက်ရသည့်ဒုက္ခမှ ကင်းဝေးခြင်း
(ဃ) နှစ်ရှည်အာနိသင်ရှိခြင်း
(င) သားသမီးပြန်ရယူလိုလျှင် လွယ်ကူခြင်း
(စ) နို့တိုက်မိခင်များအတွက် မိခင်နို့ထွက်ခြင်း
(ဆ) လိင်ဆက်ဆံရာတွင် အနှောင့်အယှက်မရှိခြင်း
(ဇ) ဆေးခန်းသို့ မကြာခဏလာရန်မလိုခြင်း
စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။
သားအိမ်တွင်းပစ္စည်းထည့်သည့်အခါ ရုတ်တရက် မူးမေ့သွားခြင်း (Fainting or Collapse) ဖြစ်တတ်သည့် သာဓကလည်းရှိသဖြင့် ပစ္စည်းထည့်မည့် အမျိုးသမီးအား သေချာရှင်းလင်း ပြောပြထားရပါသည်။ တချို့အမျိုးသမီးများမှာ သားအိမ်တွင်း ပစ္စည်းထည့်ပြီးနောက် ဓမ္မတာသွေးဆင်း များလာခြင်း၊ ရာသီသွေးပေါ်ပြီးသော်လည်း သွေးနည်းနည်းချင်း မကြာမကြာဆင်းနေခြင်း၊ ရာသီလာသည့်အခါ ဗိုက်နာဗိုက်အောင့်ဝေဒနာ ခံစားလာရခြင်းများ တွေ့ကြုံရတတ်သည်။ တချို့မှာမူ သားအိမ်နှင့် သားအိမ်ပြွန်ရောင်ရမ်းခြင်း၊ သားအိမ်လည်တံ ထိခိုက်ဒဏ်ရာရခြင်း၊ သားအိမ်တွင်းထည့်ထားသော ပစ္စည်းလေး နေရာလွဲမှားရောက်ရှိခြင်းများ ဖြစ်တတ်သော်လည်း တွေ့ရခဲသော ပြဿနာများသာဖြစ်သည်။
သားအိမ်တွင်း ပစ္စည်းထည့်ထားသော အမျိုးသမီးများအတွက် ပစ္စည်းစတင်ထည့်သော ပထမနှစ်အတွင်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သောနှုန်းမှာ အမျိုးသမီးဦးရေနှင့် နှစ်အရေအတွက် မြောက်လဒ်တစ်ရာလျှင် နှစ်ယောက် သုံးယောက်မျှရှိသော်လည်း ပစ္စည်းထည့်ထားသောနှစ် ကြာလေလေ၊ ထိုပစ္စည်းကြောင့် အလိုအလျောက် သားလျှောသွားနိုင်သည့် အခွင့်အလမ်းများပါသည်။
၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။
ပဋိသန္ဓေတားဆီးရန်အတွက် ထိုးဆေးအသုံးပြုခြင်း၊ တားဆေးကတ်စားသုံးခြင်း၊ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း၊ အမျိုးသားများ သားရေစွပ်သုံးခြင်း နည်းလမ်းများကို အဆင်မပြေ၊ မနှစ်သက်၍ မသုံးလိုပါက ရက်ရှောင်ခြင်းနည်း (Safe Period-Rhythm Method) ကို သုံးကြသည်။
ရက်ရှောင်ခြင်းနည်းလမ်းမှာ ကိုယ်ဝန်ရရှိရန် အခွင့်အလမ်း အလွန်နည်းပါးသော ရက်များတွင်သာ လိင်ဆက်ဆံခြင်းပြုပြီး ကျန်ရက်များတွင် ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကိုယ်ဝန်ရရှိရန် အခွင့်အလမ်း အလွန်နည်းပါးသောရက်များ (Safe Period) သည် အမျိုးသမီးများ၏ ဓမ္မတာစက်ဝန်းလည်ပတ်သည့် ရက်ကာလ မတူညီသည့်အတွက် အမျိုးသမီးတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ချေ။ ဥပမာအားဖြင့် အမျိုးသမီးများ၏ ဓမ္မတာစက်ဝန်း (Menstrual Cycle) သည် လစဉ် ၂၈ ရက်စက်ဝန်း (28 days Cycle) ဖြစ်ပါက လိင်ဆက်ဆံခြင်းပြုလိုပါက ပြုနိုင်သော (Safe Period) မှာ ရာသီလာနေစဉ်ရက်များ (The days of Menstrual Flow)နှင့် ရာသီလာပြီးနောက် ၃-ရက်၊ ရာသီမလာခင် ၉-ရက်တို့ဖြစ်သည်။ အကယ်၍ အမျိုးသမီး၏ ဓမ္မတာစက်ဝန်းကာလသည် ၂၈-ရက်ထက် ပိုတိုနေပါက ၎င်းပိုတိုတောင်းသောရက်ကို ရာသီလာပြီးနောက် ၃-ရက်မှ ထပ်မံနှုတ်ရမည်။ ဥပမာအားဖြင့် ယင်းအမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၆-ရက်သာ ရှိသည်ဆိုပါက ယင်းအမျိုးသမီးသည် ရာသီလာနေစဉ်ရက်များ၊ ရာသီလာပြီးနောက် ၁-ရက်နှင့် ရာသီမလာခင် ၉-ရက်အလိုတို့တွင် လိင်ဆက်ဆံခြင်းပြုနိုင်ပါသည်။ အမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၈-ရက်ထက် ပိုကြာရှည်ပါက ထိုပိုလာသောရက်ကို ရာသီလာပြီးနောက် ၃-ရက်တွင် ပေါင်းထည့်ရပါသည်။ ဥပမာ- ထိုအမျိုးသမီးသည် ၃၀-ရက်စက်ဝန်း (30 days Cycle)ရှိပါက ထိုအမျိုးသမီးအတွက် (Safe Period)မှာ ရာသီလာနေစဉ် ရက်များ(the days of Menstrual Flow) နှင့် ရာသီလာပြီးနောက် ၅-ရက် (5 days Postmenstrually)၊ ရာသီမလာမီရက် (9 days Premenstrually)တို့ ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီးများအားလုံးအတွက် ရာသီမလာမီ ၇-ရက်သည် လိင်ဆက်ဆံခြင်းပြုသော်လည်း ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန်ရှားပါး၍ လုံခြုံစိတ်ချရဆုံး အချိန်များဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းကို ဓမ္မတာမှန်မှန် လာသော အမျိုးသမီးများကသာ သုံးသင့်ပြီး ဤနည်းလမ်းသည် မတော်တဆကိုယ်ဝန်ရရှိသွားနိုင်သည့် နှုန်း မြင့်သဖြင့် စိတ်မချရပေ။
၆။အမျိုးသား၏သုက်ရည်ကိုအမျိုသမီးဖြစ်သူ၏မိန်းမကိုယ်ြ ပင်ပ၌သာစွန့်ပစ်ရန်အတွက်လိင်ဆက်ဆံ
မှုကိုသတိဖြင့်  ထိန်းချုပ်ခြင်း။
ဤနည်းကို (Incomplete Coitus) ဟုခေါ်သည်။ သုံးမျိုးထိန်းချုပ်ကြသည်။ ဤနည်းများသည် ဆေးဝါး ပစ္စည်းကိရိယာ တစ်စုံတစ်ရာမလိုအပ်၍ ငွေကြေး အထူးတလည်ကုန်ကျရန် မလိုအပ်သော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီးဦးရေနှင့် နှစ်အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ၁၂ ယောက်မှ ၃၆ ယောက်ထိရှိသဖြင့် နှုန်းအလွန်မြင့်မားသည်။ စိတ်ချလုံခြုံမှု အလွန်နည်းသည်ဟု ဆိုနိုင်ပါသည်။
အမျိုးသမီးများ ကြိုတင်ကာကွယ်မှုဖြင့် ကိုယ်စိတ်နှလုံးကျန်းမာ ရွှင်လန်းနိုင်ကြပါစေ..........
0 Comments:
Post a Comment