စာရေးဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်)၏ သန္ဓေကာတာမှ ကိုယ်ဝန်တားဆီးခြင်းနည်းလမ်းများ(အပိုင်း ၁)

ဆေးပညာရှုထောင့်ဖြင့်သာ နားလည်ဖတ်ရှုပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်

“ကြိုတင်ပြင်ဆင်ထားမှု မပြည့်စုံပါဘဲလျက် ပရမ်းပတာ လက်လွတ်စပယ် ဖိတ်ခေါ်မှုသည် ဧည့်သည်များအတွက် အညှာအတာမဲ့စွာ ရက်စက်မှုတစ်ခုပင်တည်း။”

ပဋိသန္ဓေတားဆီးခြင်း နည်းလမ်းများကို အမျိုးသမီးမျာအားလုံးသိထားသင့်ပေသည်။ တကယ်တော့ လိင်ဆန္ဒ ပြည့်ဝမှုအတွက်အားထုတ်ရင်း၊ မလိုချင်ဘဲ ကလေးမွေးခြင်းသည် အပြစ်မဲ့သည့် ကလေးငယ်များကို မညှမတာ ဒုက္ခခံခိုင်းဖို့ လူ့လောကထဲ ခေါ်ယူခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြေလည်ကောင်းမွန်ခြင်း မရှိသေးခင်မှာ မလိုလားသောကိုယ်ဝန် (Unwanted Pregnancy) မရှိစေရန် အချိန်မီတားဆီးသင့်ပေသည်။

ကိုယ်ဝန်မဆောင်သင့်သူများ

၁။ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၂။ အသက်(၃၅)နှစ်အထက် ကြီးရင့်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၃။ သားသမီးဦးရေ(၄)ဦးထက် ပိုမိုမွေးဖွားခြင်း။

ပဋိသန္ဓေတားဆီးခြင်းနည်းလမ်းများ

၁။ အမျိုးသားများ လိင်တန်ဆာစွပ်သားရေဖုံးသုံးခြင်း။

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

၃။ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။

၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။

၁။ အမျိုးသားများ လိင်တန်ဆာစွပ်သားရေဖုံး (Condom) သုံးခြင်း။

လိင်ဆက်ဆံရာတွင် သုက်ပိုးရည်များ မိန်းမကိုယ်တွင်း မဝင်ရောက်စေရန် ကာကွယ်ပေးသည်။ သားသမီးရယူလိုခြင်း မရှိသည့် ကာလတစ်လျှောက်လုံး လိင်ဆက်ဆံတိုင်း ကွန်ဒုံး(ခေါ်)သားရေစွပ်ကို သုံးစွဲရန်လိုသည်။လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများကိုလည်း ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကာကွယ်နိုင်သည်။


ကွန်ဒုံးသည် - သုံးစွဲရလွယ်ကူသည်။

- ဝယ်ယူရလွယ်ကူသည်။

- စားဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်းထည့်ခြင်းဖြင့် သားဆက်ခြားခြင်း

အဆင်မပြေသူများ၊
(ဥပမာ - သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် စသည့်ရောဂါရှိသူများ)၏ ခင်ပွန်းသည်များ သုံးနိုင်သည်။

သားသမီးယူလိုယူလိုသည့်အခါတွင် ကွန်ဒုံးအသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် သားသမီးပြန်လည် ရယူနိုင်ပါသည်။

ကွန်ဒုံးအသုံးမပြုမီ သတိထားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကွန်ဒုံးကို နေပူထဲမထားရပါ။

(၂) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။

(၃) အခြားအဆီများနှင့် သုံးစွဲခြင်း မပြုသင့်ပါ။

(၄) ရက်လွန် (Expired Date) ဖြစ်မဖြစ်ကို သေချာစွာဖတ်ရှုပြီး ရက်မလွန်သေးသော ကွန်ဒုံးကိုသာ ရွေးချယ်သုံးစွဲသင့်သည်။

(၅) ကွန်ဒုံးကို များသောအားဖြင့် ရာဘာသားရေ (Rubber) ဖြင့် ပြုလုပ်ထားသည့်အတွက် သားရေကဲ့သို့ ဆွဲမရသော ကွန်ဒုံးများကို မသုံးသင့်ပါ။

(၆) ကွန်ဒုံးကို သုံးစွဲခါနီးတွင် အပေါက်အပြဲ ပါ၊မပါ သေချာစွာစစ်ဆေးပြီး အပေါက်သေးလေးပင်ဖြစ်စေ ပါလာလျှင် လုံးဝမသုံးပါနှင့်။

ကွန်ဒုံး(ခေါ်)သားရေစွပ်နှင့် စိမ်းနေသူများအတွက် ၄င်းအသုံးပြုနည်းကို ရှင်းပြပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ကွန်ဒုံးမပြဲစေရန် ကွန်ဒုံးအထုပ်ကလေးကို သတိနှင့်သေချာစွာ ဖောက်ရ၏။ အသုံးမပြုမီ သားရေစွပ်၏ ထိပ်တွင် လေမဝင်စေရန် ဂရုပြုဖို့လိုအပ်ပါသည်။ ကွန်ဒုံးထိပ်ဖျားကို လက်ညှိုးလက်မတို့ဖြင့် ဖိ၍ကိုင်ပြီး ယောက်ျားတန်ဆာထိပ်တွင် ညင်သာစွာစွပ်ပါ။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် ကွန်ဒုံးကိုဖြေချပါ။ လက်မ၊ လက်ညှိုးတို့ဖြင့်ဖိ၍ ကိုင်ထားသော ကွန်ဒုံးထိပ်ဖျားသည် သုက်ရည်အတွက် နေရာချန်ထားခြင်းဖြစ်သည်။ ကွန်ဒုံးကို အမျိုးသား၏ တန်ဆာရင်းထိ ရောက်အောင် ဖြေချရမည်။ လိင်ဆက်ဆံပြီး၍ အမျိုးသားသုက်ရည် ထွက်သွားပြီးနောက် ကွန်ဒုံးကို အရင်းမှ စက္ကူပါးဖြင့်ကိုင်ပြီး သတိဖြင့်လျှော၍ ဖြည်းဖြည်းညင်သာချွတ်ယူပါ။ ကြွပ်ကြွပ်အိတ်ဖြင့် ဖြစ်စေ၊ သေချာစွာထုပ်ပိုး၍ အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်သည်။

ယောက်ျားဖြစ်သူ ကွန်ဒုံးသုံးစွဲခြင်းဖြင့် မတော်တဆကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီးဦးရေနှင့် အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ခြောက်ယောက်မှ တစ်ဆယ့်ရှစ်ယောက်အတွင်းရှိသည်။ ပဋိသန္ဓေ တားဆီးခြင်းနည်းလမ်းများအားလုံးသည် ရာနှုန်းပြည့်စိတ်ချရသည်ဟု လက်လွတ်စပယ်မပြောလိုပါ။ မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့် အခွင့်အလမ်းအလွန်နည်းပါးလျှင် ၄င်းနည်းလမ်း ကောင်းမွန်လုံခြုံသည် (Safe) ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

ထိုးဆေးကို (၃)လတစ်ကြိမ် တင်ပါးမှာ ထိုးပေးရသည်။ ရာသီပေါ်သည့်နေ့မှ (၅)ရက်အတွင်း ထိုးသင့်သည်။ ရာသီပေါ်ပြီး ၅-ရက်မှ ၉-ရက်အတွင်း ထိုးမိပါက (၁၀)ရက်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်သင့်သည်။ သို့မဟုတ်ပါက (Condom) သုံး၍ ဆက်ဆံနိုင်သည်။

ကိုယ်ဝန်တားဆေး ထိုးတော့မည်ဆိုလျှင် ကျွမ်းကျင်သူများနှင့်အရင် တိုင်ပင်ဆွေးနွေးသင့်သည်။ ကိုယ်ဝန်မရှိမှ ထိုးရပါမည်။ မီးဖွားပြီး ၄၅-ရက် (သို့မဟုတ်) တစ်လခွဲအကြာတွင် ထိုးဆေးစတင် အသုံးပြုနိုင်သည်။ ထိုးဆေးသုံးပြီး ၃-လကြာလျှင် နောက်ထပ်(၁)လုံး ထပ်ထိုးရမည်။ ထို့ကြောင့် ထိုးဆေးထိုးသည့် ရက်စွဲကို သေချာစွာ မှတ်ထားသင့်သည်။ ဆေးထိုးရာတွင် ဆေးထိုးအပ်မှ အခြား ကူးစက်ရောဂါများ မပြန့်ပွားစေရန် သေချာစွာ ပိုးသတ်ထားသော ဆေးထိုးပြွန်နှင့် အပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်နှင့် တစ်ခါသုံး ဆေးထိုးအပ်များကို သုံးသင့်သည်။ ထိုးဆေးသုံးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၁) ကလေးဝေးခြင်း။

(၂) မိခင်နို့ထွက်မှုကို မထိခိုက်နိုင်သဖြင့် နို့တိုက်မိခင်များအတွက် သင့်လျော်ခြင်း။

(၃) ဆေးထိုးရပ်လိုက်ပါက ဆေးအာနိသင်ကုန်သည့်အခါတွင် ကလေးပြန်ရနိုင်ခြင်း။

(၄) ၃-လလျှင် တစ်ကြိမ်သာ ထိုးရသဖြင့် သက်သာခြင်း

စသည်တို့ဖြစ်သည်။

ဤဆေးထိုးလျှင် တချို့အမျိုးသမီးများ ရာသီမပေါ်ဘဲ တောက်လျှောက်တိမ်ခြင်း၊ အချို့ရာသီသွေး တစ်စက်တစ်စက် ပေါ်နေခြင်း၊ သွေးဆင်းများခြင်း၊ တချို့ပုံပျက်ပန်းပျက်ဝလာခြင်း စသည့်အကျိုးဆက်များ လည်း တွေ့ရတတ်သည်။ ထိုသို့ တွေ့ကြုံလာရသည့်အခါ ထိတ်လန့်နေစရာမလိုဘဲ တတ်ကျွမ်းသူများနှင့် တိုင်ပင်သင့်သည်။

အလွန်အမင်းဝဖြိုးသူများ၊ အသည်းရောင်အသားဝါရောဂါရှိသူများ၊ ရင်သားကင်ဆာနှင့် အခြားကင်ဆာ ရောဂါရှိသူများ၊ သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများမှာ ဤနည်းလမ်းမျိုး မသုံးသင့်ပါ။ စားဆေးနှင့်မတည့်သည့် စားဆေးမစားလိုသူများနှင့် ဆေးသောက်ရန် မေ့လျော့တတ်သူများသည် ထိုးဆေးကို အသုံးပြုတတ်ကြသည်။ ထိုးဆေးသုံးသူများတွင် မတော်တဆကိုယ်ဝန်ရသွားနိုင်သည့်နှုန်း အလွန်နည်းပါးသော် လည်း အဆမတန် ဝဖြိုးလာတတ်ခြင်းကြောင့် ခန္ဓာကိုယ်အလှ ထိန်းသိမ်းလိုသူများ မသုံးလိုကြပေ။

၃။ အမျိုးသမီးများ စားဆေးကဒ် စားသုံးခြင်း။

စားဆေးကဒ်များသည် ဆေးဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်သော အဖိုးနှုန်းအလွန်ချိုသာသည့် ပဋိသန္ဓေတားဆေးကတ် ဖြစ်သည်။

၎င်းဆေးကတ်မှ ပထမဆုံးအလုံးကို အမျိုးသမီးများ ရာသီသွေးစပေါ်သည့်နေ့မှ တတိယမြောက်နေ့တွင် စတင်သောက်ရပါသည်။ ညွှန်ပြထားသည့် မြားအတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်သင့်သည်။ သောက်ရန်မေ့သွားပါက ထိုဆေးလုံးကို သတိရရချင်း ၁၂-နာရီအတွင်း သောက်ပြီး ၄င်းနေ့အတွက် ဆေးလုံးကိုတော့ ပုံမှန်အချိန်တွင် ဆက်သောက်နိုင်သည်။ ဆေးကတ်ကုန်သွားလျှင် ရက်မခြားပဲ အသစ်ဆေးကဒ်၏ ပထမဆုံးအလုံးကို နောက်တစ်နေ့ ဆက်သောက်ရမည်ဖြစ်သည်။ နေ့စဉ် မှန်မှန် ဆေးသောက်ရန် မမေ့သင့်ပါ။ ဆေးသောက်ရန် မေ့သွားသောနေ့သည် အမျိုးသမီးများ ဓမ္မတာပန်းပွင့်ရာ စက်ဝန်းတွင် မျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်သော နေ့တစ်နေ့ဖြစ်နေပြီး အမျိုးသားနှင့်လည်း လိင်ဆက်ဆံဖြစ်သည်ဆိုပါက ကိုယ်ဝန်ရသွားသည့် သာဓကရှိပါသဖြင့် ဆေးလုံးများကို ဂရုတစိုက် နေ့စဉ်မှန်မှန် သောက်သင့်ပေသည်။

ရင်သားတွင် အဖုအကျိတ်ရှိသူများ၊ သွေးကြောထုံးရောဂါရှိသူများ၊ မိန်းမကိုယ်မှ အကြောင်းရင်းမရှိဘဲ သွေးဆင်းနေသူများ၊ လေဖြတ်ဖူးသူ၊ လေဖြတ်နေသူများ၊ သားအိမ်ခေါင်း၊ သားဥစသည့် မျိုးပွားအင်္ဂါများတွင် ကင်ဆာရောဂါရှိသူများ၊ နို့တိုက်မိခင် (ကလေး ၆-လ အရွယ်အထိ)တို့မှာ စားဆေးစားရန် မသင့်ပါ။ အသက် ၄၀ ကျော်အမျိုးသမီးများ၊ ဆေးလိပ်အလွန်အကျွံ သောက်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါရှိသူများ၊ ဝက်ရူးပြန်ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ စိတ်ကျရောဂါ ဖြစ်ဖူးသူများ၊ နို့တိုက်မိခင် (ကလေး ၆-လအထက်)များသည် ကျွမ်းကျင်နားလည်သူများနှင့် တိုင်ပင်ဆုံးဖြတ်ပြီးမှ ဆေးစားသင့်ပါသည်။

တချို့အမျိုးသမီးများ ဆေးစားခါစတွင် အောက်ပါဝေဒနာများကို ခံစားရတတ်ပါသည်။

၁။ မူးဝေခြင်း၊ နုံးခွေခြင်း ဖြစ်တတ်သည်။

(ညစာစားပြီးချိန် (သို့မဟုတ်) အိပ်ရာဝင်ချိန်သောက်သင့်သည်။ ၂-လ၊ ၃-လကြာလျှင် ပျောက်သွားနိုင်ပါသည်။)

၂။ ပျို့ခြင်း၊ အစားပျက်ခြင်း ဖြစ်နိုင်သည်။

(အကျင့်ရလာလျှင် ပျောက်သွားတတ်ပါသည်။)

၃။ ရင်သားတင်းခြင်း၊ ရင်သားနာလားခြင်း ဖြစ်တတ်သည်။

(မကြာခင် ပျောက်သွားနိုင်သည်။ အဆီ၊ အဆိမ့်၊ အချို လျှော့စားကာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ် သင့်ပါသည်။)

အကယ်၍ အထက်ပါလက္ခဏာများအနက်မှ တစ်ခုခုကို ကြာရှည်စွာခံစားရပါက ကျွမ်းကျင် နားလည်သူများနှင့် တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်တောင်းရန် လိုအပ်သည်။

စားဆေးကဒ်များကို နှစ်နှစ်ထက်ပို၍ ဆက်တိုက်မစားသင့်ဟု တချို့ဆေးပညာစာအုပ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။ တချို့ဆေးပညာ ဆောင်းပါးများကတော့ စားဆေးကဒ်များကို ၃-နှစ်မှ ၅-နှစ်အထိ ဆက်တိုက်စားသုံးနိုင်သည်ဟု ဆိုကြသည်။ တချို့အမျိုးသမီးများမှာ ကိုယ်ဝန်တားဆေးကတ်များကို ၈-နှစ်မှ ၁၀-နှစ်အထိ စားသုံးသော်လည်း ဘာမှမဖြစ်သည်လည်းရှိပါသည်။

ဖြစ်သင့်သည်မှာ ပဋိသန္ဓေတားဆေးကဒ်များကို ကြာရှည်ဆက်တိုက် စားသုံးနေသူများသည် ကာလ အပိုင်းအခြားအလိုက် သားအိမ်ခေါင်း အသားစစစ်ဆေးခြင်း (Periodic Cervical Cytology)၊ သွေးပေါင်ချိန် စစ်ဆေးခြင်း (Checking Blood Pressure)၊ ဆီးထဲအချိုဓာတ်စစ်ဆေးခြင်း (Testing for Glycosuria) များ မကြာခဏ ပြုလုပ်သင့်သည်။

သားသမီး ရယူလိုသည့်အခါ စားဆေးကတ် စားသုံးနေခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါက ထိုအမျိုးသမီးမှာ ပုံမှန်မျိုးဥကြွေခြင်း (Regular Ovulation)သည် သုံးလအတွင်း ပြန်ပေါ်လာမည် ဖြစ်သည်။

စားဆေးကတ်သုံးခြင်းကို ရုတ်တရက် ရပ်ဆိုင်းလိုက်လျှင် နှစ်ရက်၊ သုံးရက်မျှ သွေးဆင်းလာ တတ်သည်။ မကြာမီ သွေးဆင်းရပ်သွားမည်ဖြစ်ပါသည်။ ကြာရှည် သွေးဆင်းနေလျှင်တော့ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

ဆေးစားနေစဉ် ပျို့အန်ခြင်း၊ ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်နေသူများနှင့် ပထမဆုံး ဆေးကတ်စားသူများ အတွက် ကိုယ်ဝန်တားဆီးမှု ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုနိုင်ပေ။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။

ကမ္ဘာပေါ်ရှိ အမျိုးသမီးဦးရေ သန်း(၆၀)ခန့် ဤနည်းကို အသုံးပြုနေကြသည်။ တတ်ကျွမ်းနားလည် သူများနှင့် ပစ္စည်းထည့်ပြီးလျှင် သားအိမ်အတွင်းတွင် ၅ နှစ်ခန့် ကောင်းမွန်စိတ်ချစွာ ထားနိုင်ပါသည်။

သားအိမ်အတွင်းသို့ ထည့်နိုင်သည့် ပစ္စည်းများမှာ ပုံသဏ္ဍာန်နှင့် အမျိုးအစား အမျိုးမျိုးရှိကြသည်။ အင်္ဂလိပ်စာလုံးကြီး တီပုံ (T) အင်္ဂလိပ်နံပါတ် ခုနစ် (7)၊ ကွင်းကြိုးပုံ၊ ကွင်းပုံ၊ လေးကိုင်းပုံ၊ အရစ်အခွေ စပရင်ပုံ စသည့်ဖြင့် ပြုလုပ်ထားသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ နစ်ကယ်လ်၊ သတ္တုများရောစပ်၍လည်း အရွယ်အစားအမျိုးမျိုး ပြုလုပ်ထားကြသည်။ တချို့ ပလပ်စတစ်ဖြင့် ပြုလုပ်ထားသည်လည်းရှိ၏။ သားအိမ်အတွင်း ပစ္စည်းထည့်မည့် အမျိုးသမီးသည် ကိုယ်ဝန် ဘယ်နှစ်ကြိမ်ဆောင်ဖူးသည်၊ ကလေး ဘယ်နှစ်ယောက် မွေးဖွားဖူးသည်၊ ထိုအမျိုးသမီး၏ ကျန်းမာရေးအခြေအနေ၊ သားအိမ်အရွယ်အစား အထူအပါး ဘယ်သို့ရှိသည် စသည်ဖြင့် စဉ်းစားချင့်ချိန်၍ သင့်တော်မည့် ပစ္စည်းကို ထည့်ပေးရန်လိုအပ်သောကြောင့် တတ်ကျွမ်းနားလည်သူများနှင့်သာ ထည့်သွင်းသင့်သည်။

ရာသီသွေးပေါ်နေချိန် (သို့မဟုတ်) ပေါ်ပြီးစအချိန်၊ မီးဖွားပြီးနောက်တွင် (သို့မဟုတ်) ခြောက်လပတ် ကျော်လွန်ပြီးသည့်အချိန်၊ သားလျှော်ပြီးနောက် တစ်ပတ်တွင်း (သို့မဟုတ်) ခြောက်ပတ် လွန်မြောက်သည့် အချိန်တွင် သားအိမ်တွင်း ပစ္စည်းထည့်ခြင်းကို ခံယူနိုင်ပါသည်။

မီးယပ်ဆိုင်ရာ ဓမ္မတာမမှန်သူ၊ အဆင်းများလွန်းသူ၊ သားအိမ်အနေအထား ပုံမှန်မဟုတ်သူများ၊ သားအိမ် (သို့မဟုတ်) သားအိမ်ပြွန် ရောင်ရမ်းသော ဝေဒနာခံစားနေသူများ၊ သားအိမ်မှအပ အခြားသော နေရာ (ဥပမာ-သားအိမ်ပြွန်) တွင် သန္ဓေတည်ဖူးသူများ၊ ဆီးပူညောင်းကျ ရောဂါဖြစ်နေသူနှင့် သားအိမ်လည်တံ တွင် ရောဂါရှိနေသူများမှာ သားအိမ်တွင်း ပစ္စည်းထည့်ခြင်းနည်းကို မသုံးသင့်ပေ။

သားအိမ်တွင်း ပစ္စည်းထည့်ရန် သင့်တော်သူများမှာ အနည်းဆုံးတစ်ကြိမ် ရိုးရိုးမီးဖွားပြီးသူများ၊ နို့တိုက်မိခင်များ၊ သားသမီးဦးရေ ပြည့်စုံပြီး သားကြောမဖြတ်လိုသေးသူများပင် ဖြစ်၏။ သားအိမ်တွင်းထည့် ပစ္စည်းများမှာ နိုင်လွန်ကြိုး အမြီးတန်း (Nylon Thread Tail) လေးများ ပါရှိတတ်ပြီး ယင်းကြိုးလေးသည် သားအိမ်လည်တံမှတဆင့် မိန်းမအင်္ဂါဇာတ် (Vagina) ထဲတွင် ရှိနေတတ်သဖြင့် ၎င်းအမြီးတန်းလေးကို မကြာခဏ စမ်းသပ်ကြည့်ခြင်းအားဖြင့် သားအိမ်တွင်း၌ ထိုပစ္စည်း နေသားတကျ ရှိ၊မရှိ သိသာနိုင်သည်။ သားအိမ်တွင်း ပစ္စည်းထည့်ထားသော အမျိုးသမီးများသည် အခါအားလျှော်စွာ ပြန်လည်စမ်းသပ်စစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။

0 Comments:

Post a Comment