ဆင်ခြင်မှုနှင့် ဂုဏ်သိက္ခာ

ဆင်ခြင်မှုနှင့် ဂုဏ်သိက္ခာ



သွားသင့်တဲ့နေရာ မသွားသင့်တဲ့နေရာ ၊ ပြောသင့်တဲစကား မပြောသင့်တဲ့စကား အများကြီး ဆင်ခြင်ရမယ်။ ဒီလမ်းကိုသွားတော့မယ်ဆိုရင် သွားသင့်သလား မသွားသင့်ဘူးလား။ ဒီစကားတစ်ခွန်းကိုပြောတော့မယ်ဆိုရင် ပြောသင့်သလား မပြောသင့်ဖူးလား။ ကိုယ်လုပ်မယ် ကိုယ်ပြောမယ့်အရာက ကိုယ့်ဂုဏ်သိက္ခာနဲ့ရော ကိုက်ရဲ့လားပေါ့။ အများကြီးစဉ်းစားရမယ်။

ဥပမာဆိုပါတော့ – ရပ်ကွက်ထဲမှာ အရက်ဆိုင်နဲ့ လောင်းကစားလုပ်တဲ့ နေရာတွေရှိမယ်။ အဲဒီနေရာမှာ အရက်သောက်တဲ့လူတွေနဲ့ လောင်းကစားလုပ်တဲ့လူတွေ အများကြီးရှိမှာပဲ။ အဲဒီနေရာကို မသွားရဘူး။ ရှောင်နေရမယ်။ အဲဒီနေရာက ဖြစ်မသွားရဘူး။ နောက် ဒီနေရာဟာ ငါသွားသင့်တဲ့နေရာ မဟုတ်ဘူး။ အဲဒီလို လမ်းတစ်ခုကို သွားတာကအစ သွားသင့်မသွားသင့် ဆင်ခြင်ရတယ်နော်။

အဲဒီလိုပဲ အ၀တ်အစား ၀တ်တော့မယ် ဆိုရင်လည်း ဒီအ၀တ်အစားဟာ ငါ့ရဲ့အသက်အရွယ်၊ ငါ့ရဲ့ ဂုဏ်သိက္ခာ၊ ငါ့မိဘရဲ့ဂုဏ်သိက္ခာနဲ့ ကိုက်ညီရဲ့လား။ ကိုယ့်ဂုဏ်သိက္ခာတင် မကဘူးနော်။ ကိုယ့်မိဘ ဂုဏ်သိက္ခာကိုပါ ထည့်တွက်ရသေးတယ်။ ကိုယ် ဒီလို ၀တ်လိုက်ခြင်းအားဖြင့် ကိုယ့်မိဘပါ အကဲ့ရဲ့ခံရမှာ မျိုးမဖြစ်သင့်ဘူး။

ဆံပင်ထားရင်လည်း ဒီအတိုင်းပဲ။ ခုခေတ်ယောက်ျားလေးတွေဆို ဆံပင်အရှည်မထားရဘူး။ ဆံပင်တိုတိုပဲ ထားရတယ်။ ဆံပင်ရှည်ထားရင် လမ်းသ၇ဲလို့ ခေါ်ကြတယ်။ ကိုယ့်ဆံပင် ထားပုံကအစ ကိုယ့်ရဲ့အသက်အရွယ်၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ့်မိဘရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလားဆိုတာ ဆင်ခြင်ရတယ်။

တခြားလည်း ဒီလိုပဲ၊ “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျြေ” လို့ မြန်မာစကားပုံမှာ ရှိနေပါတယ်။ ပြောတာ ဆိုတာကအစ စကားလုံး အသုံးအနှုန်းကိုလည်း အများကြီး သတိထားရတယ်၊ ဆင်ခြင်ရတယ်။ ရိုင်းစိုင်းတဲ့စကား၊ ဗန်းစကား မသုံးရဘူး။ ကိုယ်သုံးတဲ့စကားလုံးက ကိုယ့်ရဲ့အဆင့်အတန်းကို ဖော်ပြနေတယ် ။ နောက် ကိုယ်ကတော့ သူတစ်ပါးကို ပျော်စေပျက်စေဆိုပြီး စလိုက်တယ်ဆိုပေမယ့် ငါစတာကိုသူကကြိုက်ရဲ့လား၊ နောက် ငါပြောတဲ့စကား တွေက ငါကသာအပျော် အမှတ်တမဲ့ ပြောဆိုလိုက်ပေမယ့် သက်ဆိုင်သူတစ်ဦးတစ်ယောက်က ဘယ်လိုခံစားရမလဲ၊ ဘယ်လိုသဘော၊ ဘယ်လိုအဓိပ္ပာယ် သက်ရောက်သွား နိုင်သလဲ ဆိုတာ အများကြီး သတိထားရပါမယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ့်တွက် ဘယ်လောက်ပျော်စရာကောင်းနေပါစေ။ သူတစ်ပါး ထိခိုက်နစ်နာမယ် သူတစ်ပါးစိတ်ဆင်းရဲရမယ့် စကားမျိုးဆိုရင် ကိုယ်မပျော်ရင်နေပါစေ လုံးဝကို မပြောသင့် မပြောအပ်တဲ့အရာဖြစ်ပါတယ်။ အဓိကပြောချင်တာကတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူတစ်ပါးရဲ့ စိတ်ညစ်မှုနဲ့ မလဲပစ်လိုက်ပါနဲ့။

ဥာဏ်ရှိတဲ့လူဆိုရင် လူတစ်ယောက် သုံးလိုက်တဲ့ ဝေါဟာရကို ကြည့်ရုံနဲ့ ဒီလူရဲ့ စိတ်နေသဘောထားနဲက အသိဥာဏ် ပညာရေးအဆင့် ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းလို့ ရတယ်။ ကိုယ်ပြောတဲ့စကားဟာ ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြနေတာပဲ။ ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာပဲ နော်။

ဒါကြောင့် ဒီစကားဟာ ပြောသင့်သလား၊ မပြောသင့်ဘူးလား။ ဒီလို ပြောသင့်သလား၊ ဒီလို မပြောသင့် ဘူးလား၊ အသံနေ အသံထားကအစ သတိထားရသေးတယ်။ အသံ အတိုးအကျယ်ကိုလည်း သတိထားရတယ်။ အသံကျယ်လွန်းရင်လည်း အဆင့်အတန်း နိမ့်တယ်လို့ ယူဆတတ်တယ်။

ပြီးတော့ မပြောသင့်တဲ့ အကြောင်းအရာမျိုးကို မပြောမိအောင် သတိထားရတယ်။ ဒီကိစ္စကို ဘယ်လောက် အချိန်ပေးပြီး ပြောသင့်သလဲဆိုတာလည်း ခန့်မှန်းပြိး ပြောရတယ်။ အရေးသိပ်မကြီးတဲ့ ကိစ္စကို စကားစပ်မိလို့ ဆင်ခြင်ပြိးမှ ပြောသင့်တယ်။ ဒီအကြောင်းအရာကို ဘယ်လိုးစပြီး ဘယ်လို ဆုံးအောင် ပြောမယ် ဆိုတာလည်း စဉ်းစားရတယ်။ အစမရှိ အဆုံးမရှိတဲ့ စကားမျိုးကို မပြောမိအောင် သတိထားနေထိုင်သွားရင်း သင့်ပါးစပ်ကို သတိထားဖွင့် သင့်လျှာကိုထိန်း ရမယ်နော်။ “ယမ်းနဲ့ မထွက်ပေမယ့် လူခဏခဏသတ်တာ ပါးစပ်သေနတ်” တဲ့နော်။ ဒါကြောင့် အားလုံးပဲ သတိထားဖွင့်ဖို့ ပြောချင်တာပါ။

ဒါကြောင့် အားလုံးသော သူငယ်ချင်းမိတ်ဆွေတို့ မိမိကိုယ်ကို ဆင်ခြင်မှုတွေနဲ့ ဂုဏ်သိက္ခာရှိသော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 Comments:

Post a Comment