“You can judge a man by the philosophy by which he lives.”
“လူတစ်ယောက်ကို အကဲဖြတ်မယ်ဆိုရင် သူဘယ်လိုခံယူချက်နဲ့ ဘ၀ကိုနေသွားလဲ ဆိုတာကိုကြည့်ပြိး အကဲဖြတ်လို့ ရတယ်။” လို့ပြောထားတာပါ။
Judge ဆိုတာက အကဲဖြတ်တာကိုပြောတာနော်။ လူကို အကဲမဖြတ်ကြဘူးလား။ လူဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ တစ်ပြိုင်နက်တစ်ယောက်ကို တစ်ယောက် အကဲဖြတ်နေကြတာပဲ။ အကျင့်ကို ပါနေပါပြီ။ ဒါ လူ့သဘာဝမျာ မလုပ်ရင် မဖြစ်တဲ့ကိစ္စတစ်ခုပေါ့။
ဒီတစ်ခါ တွေ့ပြီးပြီ၊ သူနဲ့ငါ နောက်တစ်ခေါက်တွေ့ဖို့ လိုအပ်သလား။ တွေ့ရင် အကျိုးရှိသလား။ တွေ့ထိုက်သလား။ ဒီလူကို ရေရှည်ပေါင်းလို့ ဖြစ်မလား။ ဒီလူနဲ့ ရေရှည်လက်တွဲပြီး အလုပ်လုပ်လို့ ဖြစ်မလား။ ဒီလူဟာ ဘယ်လိုစိတ်ထား ရှိသလဲ။ ဘယ်လို အတွေးအခေါ်ရှိသလဲ။ ဘယ်လို ခံယူချက်ရှိသလဲ။ သူဟာ မရိုးသားတာ၊ မမှန်တာ၊ မကောင်းတာကို လုပ်ချင်တဲ့သူလား။ ရိုးသားတာ၊ မှန်တာ၊ ကောင်းတာကို လုပ်မည့်သူလား။ ငါ့ကို ပရိယာယ်တွေသုံးပြီးတော့ လှည့်စားပြီးတော့ သူ့ကိုယ်ကျိုးကို ရှာသွားမှာလား။ ငါ့ကို ဒုက္ခပေးမည့်လူလား။ ဒါ စဉ်းစားရတော့တာပဲနော်။ အဲဒါက တမင်တကာတောင် သင်ရသေးတယ်။
လူ့လောကမှာ အဆင်ပြေဖို့ဆိုရင် လူကဲခတ်တတ်ဖို့ လိုတယ်နော်။ လူတွေကို လူကဲခတ်တယ်ဆိုတာ ရည်ရွယ်ချက် နှစ်မျိုး သုံးမျိုး ရှိတယ်။ သူ့ကို အကဲခတ်ပြီးတော့ ကိုယ်က သူ့ကို အသုံးချလိုက်လို့ရတယ်။ ကိုယ်က ဥာဏ်ရည်မြင့်လို့ရှိရင် သူ့ကို ပရိယာယ်အမျိုးမျိုးနဲ့ သုံးလို့ရတယ်။ (ကြော်ငြာတွေက အဲဒီနည်းတွေ သုံးထားတာပဲ။) သူ့ကို အကဲခတ်ပြီးတော့ ကိုယ်ကျိုးအတွက် အသုံးမချဘူး။ သူ့ကိုထိခိုက်အောင် မလုပ်ဘူး။ ဒါပေမဲ့ ကိုယ့်အတွက်တော့ အန္တရာယ်မရှိအောင်၊ ပြဿနာတွေ မရှုပ်အောင်၊ ဆက်ဆံရေးပြဿနာတွေ မရူပ်အောင် ရှောင်နိုင်ဖို့တော့ အင်မတန် အရေးကြီးတယ်နော်။
အကယ်၍ ဒီလူဟာ တကယ် စိတ်ထားကောင်းတယ်၊ ရိုးသားတယ်။ ရေရှည် မိတ်ဆွေကောင်းအဖြစ် ပေါင်းလို့ဖြစ်တယ်၊ သူ့အကျိုးကိုလည်း ကိုယ် ဆောင်ရွက်ပေးချင်တဲ့စေတနာတွေဖြစ်တယ်။ သူကလည်းပဲ ကိုယ့်ရဲ့ အကျိုးတွေကို ဆောင်ရွက်ပေးချင်တဲ့ စေတနာတွေ ရှိတဲ့သူ ဆိုရင်တော့ သေသေချာချာ အကဲခတ်ပြီးတော့ ရေရှည် ပေါင်းရတော့မှာပဲ။ မိတ်ဆွေကောင်း၊ ရေရှည် ပေါင်းလို့ရမည့် သူကို သေသေချာချာ စဉ်းစဉ်းစားစား ရှာရမယ်။ စုဆောင်းရမယ်။ ရတနာတွေစုသလိုပဲ မိတ်ဆွေကောင်းတွေလည်း စုရမယ်နော်။
0 Comments:
Post a Comment